ဥပဒေပြုရေးမဏ္ဍိုင်ကို တရားစီရင်ရေးမဏ္ဍိုင်က ဝင်စွက်ဖက်ခွင့်မရှိကြောင်း ဦးဝင်းမြင့် သတိပေး
2017.03.07

တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုကို ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ထံ တိုက်တွန်းကြောင်းအဆိုဟာ အဆိုရဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ မညီကြောင်း ပြောကြားခဲ့တဲ့ ပြည်ထောင် စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် ကို ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့် က ဥပဒေပြုရေးကို တရားစီရင်ရေးက ဝင်ရောက်စွက်ဖက်ခွင့်မရှိကြောင်း သတိပေးလိုက်ပါတယ်။
ဝေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး တင်သွင်းထားတဲ့ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုကို ပြန်လည်တည့်မတ်နိုင်ဖို့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက ထောက်ခံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလိုဆွေးနွေးပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က အဆိုဟာ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ မညီကြောင်း ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေဟာ တရားရုံးမထီမဲ့မြင်ပြုရာရောက်တယ် လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး အဲဒီအဆိုဟာ အဆိုနဲ့ပတ်သက်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတာကြောင့် လွှတ်တော်ဥက္ကဌက ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ ဆွေးနွေးတဲ့ ကိုယ်စားလှယ်တွေဟာ တရားရုံးကို မထီမဲ့မြင်ပြု ရာရောက်တယ်လို့ မပြောသင့်ကြောင်း နဲ့ ဥပဒေပြုရေးမဏ္ဍိုင်ကို တရားစီရင်ရေးမဏ္ဍိုင်က ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ဦးဝင်းမြင့်က သတိပေးခဲ့တာဖြစ်ပါတယ်။
အစိုးရအသစ်ပြောင်းသွားပေမယ့် တရားစီရင်ရေးမဏ္ဍိုင်မှာ အဂတိလိုက်စားမှုတွေရှိနေဆဲဖြစ်ပြီး အခု အချိန်အထိ မပြောင်းလဲသေးကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ တရားရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အဂတိလိုက်စားမှု ရှိ မရှိ စောင့်ကြည့်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
တရားသူကြီး ဦးစိုးညွန့်က အဆိုကို အတည်မပြုဘဲ မှတ်တမ်းတင်ဖို့သာ ပြောကြားပေမယ့် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူများတာကြောင့် အတည်ပြုခဲ့တာဖြစ်ပါတယ်။