အပစ်အခတ်ရပ်စဲရေး အရှိန်မြှင့်ဖို့ သမ္မတ ဦးသိန်းစိန် တိုက်တွန်း
2014.10.01

အခုချိန်ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ပိုပြီး ကြိုးပမ်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ကြောင်းနဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်မှသာ နိုင်ငံရေးအသွင် ကူးပြောင်းမှု အခြေအနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဟာ အဆင်ပြေ မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ရေဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တိုင်းပြည်ကို လစဉ်ပြောကြားနေတဲ့ မိန့်ခွန်းမှာ အဲဒီလို ထည့်သွင်းပြောခဲ့တာပါ။
"ဒီကနေ့ မိမိတို့ ကြိုးပမ်းဆောင်ရွက်လျှက်ရှိတဲ့ တစ်နိုင်ငံလုံး အတိုင်းတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းမှု ပိုပြီးအားထည့်ဆောင်ရွက်ကြရမယ့်အချိန်ဖြစ်ကြောင်း ပြောကြားလိုပါတယ်၊ နိုင်ငံရေးအင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်အားထုတ်ကြိုးပမ်းဆောင်ရွက်မှုတို့ အထူး လိုအပ်လျှက်ရှိတဲ့ အချိန်အခါလည်းဖြစ်တယ်၊ အခုလို အလွန်အရေးကြီးတဲ့အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်း အတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေးကိစ္စ အောင်မြင်စွာဆောင်ရွက်နိုင် မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂါတ်ကို ပုံဖော်ထုဆစ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှာဖြစ် ပါတယ်၊ အဲ့ဒီလို စတင်နိုင်မှသာလျှင် နိုင်ငံရေးတည်ငြိမ်မှု၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့အကြောင်းကို သတိပြုမိစေလိုပါတယ်"
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာလ ၂၂ ရက်နေ့ ကနေ ၂၆ ရက်နေ့ထိ ၅ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလအတွင်းမှာ နှစ်ဖက်ထပ်မံဆွေးနွေး ဖို့ကို သဘောတူခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်လာတဲ့ အယ်ကိုင်းဒါအဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့၊ လွှတ်တော်၊ တပ်မတော်၊ တရားစီရင်ရေး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီ အားလုံး ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို တားဆီးကာကွယ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အခုလို သမ္မတ ဦးသိန်းစိန်က အပစ်အခတ်ရပ်စဲရေးက အရေးကြီးကြောင်း၊ အပစ်ရပ်လက်မှတ်ထိုးနိုင်မှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်ဖို့ သေချာရေရာမှာဖြစ်ကြောင်း ပြောကြားချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ အမြင်တွေကို RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။