တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပါဝင်ကြဖို့ သမ္မတတိုက်တွန်း
2014.03.16

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အရေးကြီးကြောင်းနဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်း ပြောကြားလိုက် ပါတယ်။
ဒီနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ မှာ ဒေသခံလူထုတွေနဲ့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ က တိုင်းပြည်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေး ဆက်စပ်တဲ့ အကြောင်း ပြောကြားခဲ့တာပါ။
"ကျနော်တို့ အစိုးရလက်ထက်မှာ စတင်ပြီးတော့ အကောင်အထည်ဖော်နေတဲ့ ငြိမ်းချမ်းရေးဖြစ် စဉ် ဆောင်ရွက်ချက်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေး၊ နိုင်ငံရေးပြောင်းလဲမှုတွေ၊ စီးပွားရေးပြောင်းလဲမှုတွေ၊ လူမှုရေးပြောင်းလဲ မှုတွေ၊ အုပ်ချုပ်ရေးပြောင်းလဲမှုတွေ ဒါတွေနဲ့ အားလုံးဆက်စပ်နေတယ်၊ ငြိမ်းချမ်းရေးက ဒီပြောင်းလဲမှုတွေကို အထောက်အကူဖြစ်စေမှာ ဖြစ်ပါ တယ်၊ ဒီလို အထွေထွေပြုပြင်ပြောင်းလဲမှုမှာ တိုင်းရင်းသား ညီအစ်ကိုအားလုံး တန်းတူရည်တူ အခွင့်အရေးနဲ့ ပါဝင်လို့ရမယ့် လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ကျနော်တို့ တည်ဆောက်နေခြင်းဖြစ်ပါတယ်၊ ဒီလိုတည်ဆောက်နိုင်ဖို့အတွက် တိုင်းရင်းသားအားလုံးက ပါဝင်ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးကြပါ"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးတွေ လိုက်ပါလာပါတယ်။ အခုခရီးစဉ်ဟာ နိုင်ငံတော် သမ္မတရဲ့ ပထမဆုံး မြစ်ကြီးနားခရီးစဉ်လို့လည်း သိရပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်တွေဟာ မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ ဒေသခံ လူထုနဲ့တွေ့ဆုံပြီး မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်နဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးတွေ ကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးမင်း သတင်းပေးပို့ချက်ကို နားထောင်နိုင်ပါတယ်။