သာသနာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဝန်ကြီးအဖြစ် ရာထူးတက်


2014.06.25

သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းကို လစ်လပ်နေတဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြည်ထောင်စုလွှတ်တော်က ဒီနေ့  ရာထူးတိုးမြှင့်ခန့်အပ်လိုက်ပါတယ်။

ဒုတိယဝန်ကြီး ဦးစိုးဝင်းကို  ဝန်ကြီးအဖြစ်ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားတဲ့အပေါ် ကန့်ကွက်သူ မရှိတဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ဒီနေ့ ကြေညာခဲ့ပါတယ်။

"လစ်လပ်နေသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ယင်းဌာန၏ ဒုတိယဝန်ကြီး ဦးစိုးဝင်းအား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်၏ သဘောတူညီချက် ရယူပေးနိုင်ပါရန် နိုင်ငံတော်သမ္မတရုံးမှ ပြန်ထောင်စုလွှတ်တော် နာယကထံသို့ အဆိုပြုပေးခဲ့ပါတယ်၊ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံးက အဆိုပြုသောပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၂ ပုဒ်မ (က) ပါ အရည်အချင်းများနှင့် ပြည့်စုံကြောင်းကို သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုသူရှိပါက အမည်စာရင်းပေးပို့ ကန့်ကွက်နိုင်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါတယ်၊ နောက်ဆုံးသတ်မှတ်ချိန်အထိ ကန့်ကွက်တာ တစုံတရာမရှိတဲ့အတွက် ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်"

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကတော့  ပြီးခဲ့တဲ့ ဇွန်လ ၁၉ရက်နေ့က ငွေကြေးအလွဲသုံးစားမှုနဲ့ ဖမ်းဆီးပြီး ရမည်းသင်းအကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရပါတယ်။

ဦးစိုးဝင်းဟာ တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။