အမေရိကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အရေး ပူးတွဲထုတ်ပြန်

2022.03.29
အမေရိကန်သမ္မတနဲ့ စင်္ကာပူဝန်ကြီးချုပ် မြန်မာ့အရေး ပူးတွဲထုတ်ပြန် ၂ဝ၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်တွင် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း။
Photo: AFP

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံခြားသားတွေ၊ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ပူးတွဲတောင်းဆိုလိုက်ပါတယ်။

မတ်လ ၂၉ ရက် မနေ့က ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်မှာ ထိပ်သီးခေါင်းဆောင် နှစ်ယောက် နှစ်နိုင်ငံ ကိစ္စအပါအဝင် နိုင်ငံတကာအရေးတွေနဲ့အတူ မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးကြပြီး တောင်းဆိုတိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေတဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့က ပြောပါတယ်။ မြန်မာပြည်မှာ အရပ်သားတွေကို အကြမ်းဖက်နေတာ ရပ်ဖို့ သူတို့နှစ်ဦးလုံးက ဆက်ပြီးတောင်းဆိုတယ်လို့ ဆိုပါတယ်။

အဲဒီအပြင် လူသားချင်းစာနာမှုအကူအညီတွေပေးခွင့် ဖွင့်ပေးဖို့နဲ့ ဒီမိုကရေစီ လမ်းပေါ်ပြန်လျှောက်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်သူတွေ အကျိုးအတွက် စင်္ကာပူအပါအဝင် အာဆီယံအသင်းက အပြုသဘောဆောင်ပြီး ကြားဝင်ဆောင်ရွက်နေတာကို အမေရိကန်အနေနဲ့ အသိအမှတ်ပြုပါတယ်လို့ သမ္မတဘိုင်ဒင်က စင်္ကာပူဝန်ကြီးချုပ်ကို ပြောပါတယ်။

အဲဒီအပြင် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ခေါင်းဆောင်နှစ်ယောက်က စစ်ကောင်စီကိုတိုက်တွန်းလိုက်ပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်မှု နောက်ပြန်ဆုတ်သွားတဲ့ ဖြစ်ရပ်နဲ့ တရားမဝင် ငွေကြေးအန္တရာယ် တိုးလာနေတာကိုလည်း စိုးရိမ်ပူပန်တယ်လို့ ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။