ညှဉ်းပန်းမှုဟာ ပုံမှန်ဖြစ်ဟန်တူကြောင်း ကန် ဒုဝန်ကြီး ပြောကြား


2017.01.07
tom-malinowski-620.jpg အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံက လုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုက်နှက်ကန်ကျောက်တဲ့ အာဏာအလွဲသုံးစား အပြုအမူမျိုးကို ပုံမှန် လုပ်ကိုင်နေကျဖြစ်ပြီး သူတို့ကို အဲဒီလို လုပ်ခွင့်ပြုထားပုံလည်းရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski တွမ် မယ်လင်နော့စကီး က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

မောင်တောမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေက မွတ်စလင်ရွာသားတွေကို ရိုက်နှက်ကန်ကျောက်နေတဲ့ ဗီဒီယိုနဲ့ ပတ်သက်ပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အခုလိုဝေဖန်ခဲ့တာပါ။

ဒါဟာ အီရတ်နိုင်ငံက အဘူဂါရစ်ထောင်မှာ အီရတ်အကျဉ်းသားတွေကို အမေရိကန်တပ်ဖွဲ့တွေ တချိန်တုန်းက လူမဆန်ပြုကျင့်ခဲ့တာမျိုးပဲလို့လည်း သူက ပြောပါတယ်။

တဆက်တည်းမှာပဲ မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဟာရကာ အယ်လ် ရာကင်း အဖွဲ့ခေါင်းဆောင် ဟာဗစ် တူဟား ဆိုသူဟာ ရခိုင်ပြည်နယ်မှာမွေးပြီး ပါကစ္စတန်မှာ တာလီဗန်တွေထံက စစ်ပညာသင်ခဲ့တယ်ဆိုတဲ့ အချက်ကိုရည်ညွန်းပြီး အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ အစိုးရကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက မွတ်စလင်တွေရဲ့ နစ်နာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့လိုကြောင်း  အမေရိကန်အစိုးရအနေနဲ့ သတိပေးခဲ့ပါတယ်။

အဲဒီလိုနစ်နာမှုမျိုးကို တခြားနိုင်ငံပြင်ပ အဖွဲ့အစည်းတွေက အခွင့်အရေးအဖြစ် အသုံးချတတ်လေ့ရှိပါတယ်။ ရခိုင်ပြည်နယ်မှာလည်း အလားတူဖြစ်ပျက်ခဲ့ပုံပါပဲလို့ သူကပြောပါတယ်။

မြန်မာအစိုးရကို သူတို့နိုင်ငံနဲ့ လူမျိုးကာကွယ်ရေးအတွက် မိမိတို့ အားပေးချင်ပါတယ်။ အကြမ်းဖက်အုပ်စုတွေ ရဲ့ ထောင်ချောက်ထဲကျမသွားအောင် နည်းလမ်းမှန်ကန်စွာ ဆောင်ရွက်ဖို့ မိမိတို့က ကူညီလိုပါတယ်လို့လည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ် မယ်လင်နော့စကီးက ပြောဆိုကြောင်း ဒီကနေ့လာတဲ့ အေပီ သတင်းမှာ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။