အမေရိကန် လက်ထောက်ဝန်ကြီး ကချင်အရေး လေ့လာဆွေးနွေး


2015.01.12
tom-malinowski-305.jpg ကချင်ပြည်နယ်ကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင် ငံခြားရေးဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်ပြည်နယ် အစိုးရအဖွဲ့ ၊ ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ နဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲတွေမှာ သဘောတူညီမှု မရသေးတဲ့အချက်တွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အရေးကို တင်ပြဆွေးနွေးခဲ့တယ်လို့ ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောပါတယ်။

"ကျနော်တို့ဖက်ကနေ ဖြေတဲ့ဟာက စစ်ဘက်ဆိုင်ရာ ဘာတစ်ခုမှမရသေးဘူး၊ လက်မှတ်ထိုးမယ့် အထဲမှာ ပါမယ့် အစိတ်အပိုင်းတွေပေါ့၊ ဘယ်သူပါဝင် လက်မှတ်ရေးထိုးမယ် ဆိုတဲ့ဟာတွေ အခုအထိ သဘောတူညီချက်မရသေးဘူး၊ ပြီးရင်ဒီမှာပါဝင်မယ့် နိုင်ငံတကာအခန်းကဏ္ဍပေါ့၊ ဒီအပေါ်မှာ သဘောတူညီချက်မရသေးဘူး၊ အတားအဆီးတွေ သဘောတူညီချက် မရသေးတဲ့အပိုင်းတွေကို ရှင်းပြပါတယ်"

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်က ‘သံပေါလု’ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

တပ်ပိုင်းဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် အမေရိကန်ကာကွယ်ရေးဌာနက အရာရှိတွေလည်း မကြာမီရက်ပိုင်းအတွင်းမှာ ရောက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr. Tom Malinowski ဟာ သုံးနှစ်အတွင်း မြန်မာနိုင်ငံကို ငါးကြိမ်မြောက် ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကေအိုင်အို နည်းပညာအကြံပေးအလုပ်အဖွဲ့ က ဦးဒေါင်ခါးက ကို ဒေါ်ခင်ခင်အိက  ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။