ရခိုင်ပြည်နယ်က မုန်တိုင်း နောက်ဆက်တွဲ အခြေအနေ
2010.10.23
ကျောက်ဖြူမြို့နယ်တွင်းမှာ ကူညီမှုတွေ ပေးနေတဲ့ ကိုသီဟကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ဂီရိ မုန်တိုင်းကြောင့် စစ်တွေမြို့မှာတော့ သစ်ပင်တချို့ ပြိုလဲတာတွေရှိပြီး တယ်လီဖုန်းလိုင်းတွေ ခေတ္တ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့ပေါ်က ဒီကနေ့ အခြေအနေကို ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ခုလို ပြောပြပါတယ်။
“ကျနော်တို့ သိသလောက် လမ်းမကြီးဘက်မှာ အလက (၆) ရှေ့မှာ သစ်ပင်ကြီးတွေ နည်းနည်းလေး ပြိုလဲတာတော့ ရှိပါတယ်။ နောက် ဆရာတော် ဦးဥတ္တမ နေခဲ့တဲ့ ရွှေဇာလီကျောင်းရှေ့က ညောင်ပင်ကြီးတပင် ပြိုပါတယ်။ ကျနော်က ကမ်းနားမှာ နေတဲ့သူပါ။ လေက စစ်တွေမြို့ရဲ့ မြောက်ဘက်က တိုက်တာ။ ပင်လယ်ကို ပြောင်းပြန် ပင်လယ်ဘက်ကို လေတိုက်တာကိုး။ အဲဒီလေကြောင့်ပဲ ထင်ပါတယ်။ လှိုင်းတို့ဘာတို့ ရေတို့က လေအားနဲ့ပဲ သိပ်မတက်ဘူး။ သူတို့ မှန်းတဲ့ ဆယ်ပေတို့ဘာတို့လောက် မရှိဘူး။ ရေက ပုံမှန်ပဲ Sea Level ထက် နည်းနည်းလေးပဲ များမှာပေါ့။ ကျနော်တို့ ဖုန်းတောင်မှ ခုမှ နည်းနည်းလေး ပြန်ကောင်းတာ။ CDMA ဖုန်းတွေကတော့ ဘာကြောင့်မှန်း မသိဘူး လောလောဆယ် လုံးဝ သုံးမရဘူး”
ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်ဖြူမြို့မှာ အပျက်အစီးတချို့ ရှိခဲ့ပေမယ့် လူအသေအပျောက် ရှိ မရှိ ဆိုတာကို ခုချိန်ထိ ဆက်သွယ်စုံစမ်းလို့ မရသေးပါဘူး။
ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့တဲ့ အခြေအနေတွေ ပိုသိရအောင် သံတွဲမြို့ကို RFA က ဆက်သွယ် မေးမြန်းရာမှာ မြို့ခံတဦးက အခုလို ပြောပြပါတယ်။
“သံတွဲမှာ မိုးကတော့ အများကြီး ရွာတယ်။ လေကတော့ တနာရီ ၁၅ မိုင်လောက်ပဲ တိုက်တယ်ထင်တယ်။ မုန်တိုင်းက ခနခန ကြေညာထားတော့လေ အသိပေးနေတော့ ငါးလှေတွေ စက်လှေတွေတော့ မထွက်ပါဘူး။ ကျောက်ဖြူမြို့က အခြေအနေကတော့ သတင်း အတိအကျ မရသေးပါဘူး။ လေမုန်တိုင်း ဝင်တိုက်သွားတယ်လို့ ကြားပါတယ်”
သံတွဲမြို့ခံတဦး ပြောသွားတာပါ။