ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနု ၁ဝ၆ နှစ်မြောက် မွေးနေ့ ကျင်းပ


2013.06.23
u_nu_daw_mya_yi_305_z.png ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု (ဝဲ) နှင့် ဇနီး ဒေါ်မြရီ (ယာ) တို့၏ ယခင် မှတ်တမ်းဓာတ်ပုံ တခု ဖြစ်ပါသည်။ (PBase U Nu gallery)
PBase U Nu gallery

ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၊ စာရေးဆရာ ဦးနုရဲ့ ၁ဝ၆ နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ ချမ်းမြေ့ရိပ်သာမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

စာရေးဆရာ ဦးနုရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပတာဖြစ်ကြောင်း ဦးနုရဲ့သမီး ဒေါ်စန်းစန်းနုက ပြောပါတယ်။

"ကျွန်မအဒေါ် ဒေါ်ခင်လေးယုက ဖေဖေဆုံးသွားတော့ သုံးလေးလကြာတော့ မွေးနေ့ဖြစ်တော့ ချမ်းမြေ့မှစပြီးတော့ ဆွမ်းကျွေးပြီးတော့၊ ကျန်းမာရေးချို့တဲ့ စာရေးဆရာတွေကို ငွေထောက်ပံ့ပါတယ်"

၁၉၉၅ ခုနှစ်ကစပြီး စာရေးဆရာ ဦးနုရဲ့ မွေးနေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလာခဲ့ပြီး နာမကျန်းတဲ့ စာရေးဆရာတွေကို ငွေကြေးကူညီထောက်ပံ့ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ဧရာဝတီတိုင်း ဝါးခယ်မမြို့က ဦးနု စာကြည့်တိုက်အတွက် သမိုင်းဝင်ဓာတ်ပုံတွေကို အခမ်းအနားမှာ ပေးအပ်တယ်လို့ ဒေါ်စန်းစန်းနုက ပြောပါတယ်။

"ဆဌမသံဃာယနာ တင်တဲ့အခါမှာ ဆရာတော်၊ သံဃာတော်တွေကို လျှောက်နေတဲ့ပုံတစ်ပုံရယ်၊ ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးတော့ အင်္ဂလိပ်ဘုရင်ခံ ဆာဟူးဘတ်ရန့်နဲ့ ဖေဖေနဲ့တွဲရိုက်ထားတဲ့ ကက်ဘိနက်ပုံရယ်၊ ဘန်ဒေါင်းညီလာခံပုံရယ်ကို ကျွန်မပုံကြီးချဲ့ပြီး ဟိုမှာချိတ်ဖို့ ကျွန်မလှုလိုက်ပါတယ်"

၁၉ဝ၇ ခုနှစ်ဖွား ဦးနုဟာ ၁၉၃၅ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဥက္ကဌ  ဖြစ်လာပြီး ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်မှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

၁၉၃ဝ ပြည့်နှစ်မှာ ဒို့ဗမာအစည်းအရုံးဝင်သခင်ဖြစ်လာပြီး ၁၉၄၇ ခုနှစ်မှာ နဂါးနီ စာအုပ်တိုက် ထူထောင်ခဲ့ကာ၊ လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းချိန်ထိ ဝန်ကြီးချုပ်တာဝန်ယူခဲ့ပါတယ်။

ဦးနုရေးသားခဲ့တဲ့ မိတ္တဗလဋ္ဋီကာ၊ တာတေစနေသား၊ ငရဲဆိုချိုနဲ့လားဗျို့၊ မြတ်တရားကို ရှာဖွေတွေ့ရှိသူ၊ ကျေးဇူးရှင်၊ အာဇာနည်စတဲ့ စာအုပ်တွေဟာ ထင်ရှားပြီး ဦးနုဟာ ဘာသာပြန်နဲ့ ပြဇာတ်စာပေတွေလည်း ရေးသားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။