စစ်တွေ ဆန်ပြဿနာအရေးအခင်း ၄၉ နှစ်ပြည့်ပြီ


2016.08.13
massacre-anniversary-620.jpg ၄၉ နှစ်မြောက် ဆန်ပြဿနာအရေးအခင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို သြဂုတ်လ ၁၃ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပနေစဉ်
Photo: Min Thein Aung/ RFA

ဒီနေ့ ကျရောက်တဲ့ ၄၉ နှစ်မြောက် ဆန်ပြဿနာအရေးအခင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွေကို ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ပေါက်တော၊ မောင်တောနဲ့ တခြားမြို့နယ် တွေမှာ ကျင်းပခဲ့ပါတယ်။

စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ(ANP)က ဦးစီးကျင်းပတဲ့ အခမ်းအနားနဲ့ပတ်သက်ပြီး အတိတ်က ဖြစ်ရပ်တွေ အပေါ်မှာ သင်ခန်းစာယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်တာလို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုး က ပြောပါတယ်။

"ခေတ်အဆက်ဆက်မှာ ကျနော်တို့လုပ်တဲ့ဟာကို ကျနော်တို့ပြည်သူတွေမစားရဘူး၊ အဲ့ဒါကလွတ်လပ်ရေး ရပြီးတည်းကပါ၊ ဒီနေ့ထိဒီလိုပဲဖြစ်နေသေးတယ်၊ အုပ်ချုပ်တဲ့ လူတန်းစားရဲ့ အုပ်ချုပ်မှုစနစ်ညံ့ဖျင်းလို့ ဒီလိုဖြစ်ရတယ်ဆိုတဲ့အကြောင်းတွေကို ကျနော်တို့ပြည်သူကိုအဓိကပြောချင်ပါတယ်၊ အဲ့ဒါကြောင့် ဒီကနေသင်ခန်းစာယူပြီးတော့ မိမိတို့ရခိုင်လူမျိုးတွေဟာ မိမိတို့ရဲ့ရပိုင်ခွင့်တွေကို အပြည့်အဝရရှိအောင် လုပ်ဆောင်သွားဖို့လိုအပ်တယ်ဆိုတာကိုပဲ ကျနော်ပြောချင်ပါတယ်"

တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က စစ်တွေမြို့မှာ ပြည်တွင်းက ဆန်စပါးတွေ ကို ပြည်ပကို အလုံးအရင်းနဲ့ တင်ပို့ခဲ့ တာကြောင့် ဒေသတွင်းမှာ ဆန်ရှားပါးပြီး အငတ်ဘေးနဲ့ရင်ဆိုင်ခဲ့ကြရတာ လို့ ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကို အလို မရှိကြောင်း စစ်တွေမြို့မှာ ဆန္ဒပြခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ မြို့ခံတွေကို အာဏာပိုင်တွေဘက်က သေနတ်နဲ့ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဆန်ပြဿနာအရေးအခင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားတွေမှာ ဆွမ်းလှူဒါန်း တာတွေ၊ ဟောပြောပွဲတွေ၊ ကဗျာရွတ်ပွဲတွေ ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။