အညတရသူရဲကောင်းဆု အမျိုးသားအောင်ပွဲနေ့မှာ ချီးမြှင့်မည်
2011.11.09

Photo: RFA
အညတရ သူရဲကောင်းဆုဟာ မြန်မာပြည် ဒီမိုကရေစီ ပေါ်ထွန်းရေး အတွက် စွန့်လွှတ် လှုပ်ရှားရင်း အကျဉ်းကျနေတဲ့ မထင်မရှား နိုင်ငံရေး အကျဉ်းသားတွေကို ဂျပန်နိုင်ငံရောက် မြန်မာ စေတနာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက လှူဒါန်း ချီးမြှင့်နေတဲ့ဆုပါ။
ဒီအကြိမ် ရွေးချယ်ထားတဲ့ အညတရ သူရဲကောင်း ၄ ဦးကို ကျပ်ငွေ ၁၀ သိန်းစီနဲ့ ဆုတံဆိပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပေးအပ်သွားမယ်လို့ တိုကျိုမြို့က အညတရ သူရဲကောင်းဆု ချီးမြှင့်ရေးကော်မတီဝင် ကိုမင်းထက်ဇော်က ပြောပါတယ်။
အခု ဒုတိယအကြိမ်မှာ အညတရ သူရဲကောင်းဆု ချီးမြှင့်ရေး ကော်မတီက မြစ်ကြီးနားထောင်မှာ အကျဉ်းကျနေတဲ့ ရဟန်းတော် ဦးဝိရသူ၊ ကျောက်ဖြူထောင်က ဦးစိုင်းလှအောင်၊ သရက်ထောင်က ကိုသန့်ဇော်နဲ့ ဗန်းမော်ထောင်က မမာမာဦး တို့ကို ရွေးချယ်ထားပါတယ်။
ပထမအကြိမ် အညတရ သူရဲကောင်းဆုကို မဂ္ဂင် ကျောင်းတိုက် ဆရာတော် ဦးဣန္ဒက၊ ဘိုးတော် ခင်ဝင်းနဲ့ HIV/AIDS ဝေဒနာရှင်တွေကို ကူညီခဲ့သူ ဦးသန်းနိုင်တို့ကို ပြီးခဲ့တဲ့ ဧပြီလက ချီးမြှင့်ခဲ့ပါတယ်။
အခုလို နိုင်ငံရေး အကျဉ်းသားတွေကို ဆုချီးမြှင့် ထောက်ပံ့နိုင်ဖို့ ငွေကြေး အလှူထည့်ဝင်ခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို ဂုဏ်ပြုတဲ့ပွဲ တစ်ရပ် လာမဲ့ ဒီဇင်ဘာ ၁၈ ရက်မှာ ပြုလုပ်သွားမယ်လို့ ဆုပေးရေး ကော်မတီက ပြောပါတယ်။