ဖမ်းဆီးခံ ယူနတီဂျာနယ် သတင်းထောက်တွေကို စွဲချက်တင်
2014.05.20

နိုင်ငံတော် လျှို့ဝှက်ပေါက်ကြားမှု အက်ဥပဒေနဲ့ ဖမ်းဆီး ခံထားရတဲ့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ်နဲ့ သတင်းထောက် ၄ ဦးကို ဒီနေ့ ပခုက္ကူခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားသူကြီးက စွဲချက်တင် လိုက်ပါတယ်။
တရားသူကြီးက အထက်တရားရုံးမှာ အယူခံဝင် နိုင်ကြောင်း ဒီနေ့တရားခွင်မှာ ရှင်းပြခဲ့တယ် လို့ ဒီနေ့တရားရုံးချိန်းကို တက်ရောက်ခဲ့တဲ့ တရားစွဲဆိုခံ ရသူ သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီး မလွင်လွင်မြင့်က ပြောပါတယ်။
"မနက် ၁၁ ခွဲမှာ တရားသူကြီးက ဒီအမှုကို သူတို့အရင်စွဲဆိုထားတဲ့ ပုဒ်မနဲ့ စွဲချက်တင် လိုက်တယ်၊ တင်လိုက်တာကို တရားသူကြီးက ဘာပြောလဲ ဆိုတော့ ဒါအပြစ်ပေးဖို့ စွဲချက်တင် တာမဟုတ်ဘူးပေါ့၊ စွပ်စွဲခံရတဲ့သူတွေရဲ့ ပြော တာကို နားထောင်ဦးမယ်ပေါ့၊ စွပ်စွဲခံရတဲ့သူတွေက မကျေနပ်ဘူးဆိုရင် အထက်တရားရုံးတွေကို အယူခံဝင်နိုင်တယ်လို့ပြောတယ်၊ သူတို့ဟာ တားမြစ်ထားတဲ့နယ်မြေကို ချဉ်းကပ်တယ်၊ ဝင်ရောက် တယ်၊ ဓါတ်ပုံရယူတယ်၊ ဒါကြောင့် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှု ဥပဒေနဲ့ စွဲချက်တင်လိုက် ပါတယ်ဆိုပြီး ၅ ယောက်စလုံးကို အဲဒီပုဒ်မနဲ့ တင်လိုက်တယ်"
မကွေးခရိုင် ပေါက်မြို့နယ်က လျှို့ဝှက်ဓါတုလက်နက်စက်ရုံ" ဆိုပြီး ဒီနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ အပတ်စဉ်ထုတ် ယူနတီဂျာနယ်မှာ ဖေါ်ပြခဲ့တာကြောင့် ယူနတီဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သူတို့ ၅ ဦးကို ရုံးထုတ်တာ ဒီတစ်ကြိမ်နဲ့ဆိုရင် ၁၀ကြိမ်ရှိပြီဖြစ်ပြီး ၉ ကြိမ်မြောက် ရုံးချိန်းတွေအထိ တရားလိုပြ သက်သေတွေကိုသာ ခရိုင်တရားသူကြီးက အမှုစစ်ဆေးခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာ သူတို့ကို စတင်စစ်ဆေး တာ ဖြစ်ပါတယ်။
ကိုလူမော်နိုင်ရဲ့ ဇနီး မလွင်လွင်မြင့်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်