ကျောင်းတွေကို တိုက်ခိုက်မှု UNICEF ပြင်းပြင်းထန်ထန်ကန့်ကွက်
2024.02.07

ကယားပြည်နယ် (ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ်က ကျောင်းနှစ်ကျောင်းကို ဖေဖော်ဝါရီ ၅ ရက်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ကလေး လေးယောက်နဲ့ ကျောင်းဆရာမ နှစ်ယောက်သေဆုံးရတာကို စိုးရိမ်ထိတ်လန့်ရကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ဖေဖော်ဝါရီ ၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
အသက် ၁၂ နှစ်နဲ့ ၁၄ နှစ်ကြား ကလေးတွေသေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ UNICEF က ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ချိန်မှာ ကလေး ၁၀၀ ကျော် ကျောင်းတက်နေကြတယ်လို့လည်း ဖော်ပြပါတယ်။
ကလေးတွေအတွက် အမြဲတမ်း လုံခြုံနေရမဲ့ ကျောင်းတွေနဲ့ သင်ကြားလေ့လာနေတဲ့ နေရာတွေကို ဘယ်လိုမျိုးနဲ့ တိုက်ခိုက်တိုက်ခိုက် UNICEF က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပြီး ကျောင်းတွေကို တိုက်ခိုက်တာဟာ ကလေးတွေရဲ့ အခွင့်အရေးနဲ့ နိုင်ငံတကာ လူသားချင်းစာနာရေးဥပဒေကို စိုးရိမ်စဖွယ် ချိုးဖောက်တာပဲလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူ ၄၅၀၀ ဦးထဲမှာ ကလေး ၅၅၃ ဦးပါဝင်တယ်လို့ ပြောထားပါတယ်။