မြန်မာဒုက္ခသည်တွေ ကို ရွှေ့ပြောင်းပေးရေး မြန်မြန် လုပ်ဘို့ မလေးရှား တိုက်တွန်း


2013.06.13

မလေးရှားနိုင်ငံမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က အသိအမှတ်ပြုထားတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို တတိယနိုင်ငံတွေမှာ  ပြောင်းရွှေ့အခြေချနိုင်အောင် အမြန်ဆုံး ဆောင်ရွက်ပေးစေချင်တယ်လို့မလေးရှားအစိုးရက ပြောကြားလိုက်ပါတယ်။

ဒုက္ခသည် အသိအမှတ်ပြု လက်မှတ်ရထားပြီးသူတွေကို ကုလသမဂ္ဂရဲ့ ပြန်လည်နေရာချထားရေးအစီအစဉ်အရ တတိယနိုင်ငံကို မသွားရသေးခင်ကာလမှာ မလေးရှားနိုင်ငံက လက်ခံထားခဲ့ပြီးဖြစ်သလို၊ သူတို့ကိစ္စကို အမြန်ဆုံးစီစဉ်ပေးဖို့ကိုလဲ ဆောင်ရွက်ပေးစေချင်တယ်လို့ မလေးရှားနိုင်ငံ ပြည်ထဲရေးဌာန ဒုတိယဝန်ကြီး ဂျာဖားကပြောပါတယ်။

မြန်မာနိုင်ငံသားတချို့ အသတ်ခံရတဲ့ကိစ္စတွေ ဒီလအတွင်းဖြစ်ပေါ်ခဲ့တဲ့နောက် မလေးရှားဘက်က အခုလို အပူတပြင်း ထုတ်ပြောလာတာဖြစ်ပါတယ်။

အခု ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုပြဿနာကို နှစ်နိုင်ငံပူးပေါင်းဖြေရှင်းဖို့ကိုလဲ မလေးရှားပြည်ထဲရေးဝန်ကြီးနဲ့မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးနဲ့အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ သဘောတူခဲ့တယ်လို့ မလေးရှား ဒုတိယဝန်ကြီးကပြောပါတယ်။

မလေးရှားရဲတပ်ဖွဲ့တွေက မြန်မာတွေ သွားလာနေထိုင်လုပ်ကိုင်ရာဒေသတွေမှာ နောက်ထပ်ပြဿနာတွေ မပေါ်ပေါက်အောင် စောင့်ကြည့်သွားမယ်လိုလဲ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ မတူညီတဲ့ဘာသာဝင်တွေကြား ပဋိပက္ခကိုမူတည်ပြီး မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံက လူတွေကြားမှာ ပြသနာမဖန်တီးဖို့ကိုလဲ ကွာလာလမ်ပူမြို့ ဒုတိယရဲချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။