ငြိမ်းချမ်းရေးအတွက် ပြည် တွင်းပြည်ပ သဘောတူ
2014.08.31

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ UNFC ခေါ် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီနဲ့ ပြည်တွင်းတိုင်းရင်းသားပါတီ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီအင်အားစုတွေရဲ့ အစည်း အဝေးကနေ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ အင်အားစုအားလုံး ပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲကြီး ပေါ်ပေါက်ရေး စတဲ့အချက်တွေကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ UNFC ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဟံသာ က ပြောပါတယ်။
"အခု ကျနော်တို့အားလုံးက နိုင်ငံရေးအင်အား စုတွေဖြစ်တယ်၊ ကျနော်တို့လည်း လက်နက်ကိုင် ထားပေမယ့် ကျနော်တို့လည်း နိုင်ငံရေးသမား ပါပဲ ၊ ပြည်တွင်းမှာလက်နက်မကိုင်ပေမယ့် သူတို့ လည်း ဒီနိုင်ငံရေးကိုလုပ်နေတာပဲ၊ သဘောကတော့ ကနေ့ နိုင်ငံရေး အခြေအနေက ကျနော်တို့ နိုင်ငံအေးချမ်းပြီးတော့ တိုးတက်နိုင်ဖို့ဆိုတဲ့နေရာ တစ်ဖက်က ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ ပေါ်ပေါက်လာဖို့ဆိုတဲ့နေရာမှာ အဓိကအားဖြင့် ကတော့ ဒီပြည်တွင်းငြိမ်း ချမ်းရေးပဲ ဖြစ်နေတယ်၊ အဲ့ဒါ ရနိုင်ဖို့ဆိုတဲ့ဟာမှာလည်း ဒီတိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးတွေ အင်အားစုတွေနဲ့ အစိုးရနဲ့အကြားမှာပေါ့ဗျာနော် နားလည်မှုရယူပြီးတော့မှ ဒါကတော့ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်နိုင်မှပဲ ဒါကိုတက်လှမ်းနိုင်မှာ ဖြစ်တယ်လေ၊ အဲ့ဒီအပေါ်မှာကတော့ အားလုံးဒီအမြင် တူညီကြတယ်ဗျ"
၂ ရက်ကြာတွေ့ဆုံ ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကျောင်း သားခေါင်းဆောင် ဦးကိုကိုကြီး က
"ဆွေးနွေးပွဲရဲ့ရလာဒ်ကတော့ ပြည်တွင်းပြည်ပပေါ့ နောက် ဒီတိုင်းရင်းသား လက်နက်ကိုင်အင်အား စုတွေနဲ့ ကျနော်တို့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေနဲ့ ကြားထဲမှာလက်ရှိအခြေအနေပေါ်မှာ အမြင် သဘော ထားတွေ ဖလှယ်ခွင့်၊ ဆွေးနွေးခွင့်ရခဲ့တယ်ဆိုတော့ ဒီအခွင့်အလမ်းမျိုးဟာ ကျနော်တို့က နှစ်ပေါင်းများစွာ မရခဲ့ဘူး၊ မရတော့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ မှန်းဆပြီးတော့ပဲ လုပ်နေရတယ်ဆိုတော့ အခု လိုမျိုး လူချင်းထိတွေ့ပြီးတော့ဆွေးနွေးခွင့် ဆက်ဆံခွင့်ရတဲ့အခါကြတော့ နားလည်မှုပိုရလာတယ်၊ နောက် ဒီနိုင်ငံအပြောင်းအလဲမှာ အထူး သဖြင့် နိုင်ငံအသစ်တည်ဆောက်တဲ့နေရာမှာ တိုင်းရင်းသားတွေရဲ့ခံစားချက် တိုင်းရင်းသားတွေရဲ့ အမြင်၊ ကျနော်တို့ပြည်တွင်းက အင်အားစုတွေရဲ့အမြင်ပေါ့၊ အဲ့ဒါတွေကို ကျနော်တို့ အခုလိုမျိုး ဖလှယ်နိုင်ခြင်းအားဖြင့် လက်တွေ့ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေပါ ကျနော်တို့ ပိုပြီးနီးစပ်လာ မယ်လို့ ကျနော်တို့ အဲ့လိုယုံကြည်တာပေါ့နော်"
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ကိုယ်စားလှယ်အဖြစ်တက်ရောက်လာတဲ့ SNLD ပါတီက ဦးစိုင်းညွန့်လွင် ကလည်း
"ကျနော်ကတော့ အကောင်းမြင်ပါတယ်၊ ဒီလိုဟာမျိုးတွေကတော့ ရှိကိုရှိရမှာလေ၊ အရှိကိုရှိရင်းရှိသင့် ရှိထိုက်တဲ့ အစည်းအဝေးတစ်ခုကို စနိုင်ပြီဟေ့ဆို ဒါကောင်းတဲ့အလားအလာပါ၊ အားသာချက်ကတော့ ဒီပြင်ပမှာရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေတွေ့တယ်ဆိုတာ ဒါကတွေ့လို့ရတယ်ဆိုတာက ဒါကအားသာချက်ရှိပါတယ်၊ ဆိုတော့အားနည်းချက်ကတော့ အတွင်း ကခေါင်းဆောင်အားလုံး မလာနိုင်ဘူး၊ ပြည်တွင်းမှာလုပ်မယ်ဆိုလည်း ပြည်ပကခေါင်းဆောင်တွေ အားလုံး အတွင်းမသွားနိုင်ဘူး၊ အဲ့တစ်ချက်ပါပဲ ဒါကိုတော့ ကျနော်တို့ ကြိုးစားပြီးတော့ ကျော်ဖြတ် ရမှာပါ"
ဒီအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA၊ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် အကောင်အထည်ဖေါ်ရေးကော်မတီ၊ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း၊ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များ၊ အမျိုးသမီးများ အဖွဲ့ချူပ် မြန်မာနိုင်ငံနဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၁၃ ယောက် တက်ရောက်ဆွေးနွေးခဲ့ပါတယ်။