အရပ်သားတွေသေဆုံးမှု ကိုးကန့် တပ်ကြောင့် မဟုတ်ကြောင်း UNFC ထုတ်ပြန်
2015.02.21

ကိုးကန့်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အရပ် သားတွေ သေဆုံးတာဟာ ကိုးကန့်တပ်မတော်ဘက်က ပစ်ခတ်တာကြောင့် သေဆုံးတာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ UNFC က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ကိုးကန့်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အနေနဲ့ သူနယ်မြေကို သူပြန်လာခြင်းသာဖြစ်ပြီး အစိုးရအနေနဲ့ ကိုးကန့်အဖွဲ့ကို အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေးပေးဖို့ လိုအပ်တယ်လို့ လည်း ဖော်ပြထားပါတယ်။
ကိုးကန့်တပ်မတော်အနေနဲ့ အခုလို အစိုးရကို ပြန်လည် တိုက်ခိုက်တယ်ဆိုတာဟာ ကိုးကန့်လူမျိုး ပျောက်ကွယ် မသွားဖို့နဲ့ အမျိုးသားရေးမပျောက်ပျက်အောင်ဆောင် ရွက်တာလို့ UNFC အဖွဲ့က ပြောပါတယ်။
ကိုးကန့်ဒေသဖြစ်တဲ့ လောက်ကိုင်မြို့နဲ့ အနီးတဝိုက်မှာ ဒီလ ၉ ရက်နေ့ကစလို့ အစိုးရနဲ့ ကိုးကန့်တပ်မတော် MNDAA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
MNDAA ကိုးကန့်အမျိုးသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။
ဒီအတောအတွင်း ကိုးကန့်ဒေသ လောက်ကိုင်မြို့နဲ့ မိုင်၃ဝ အကွာ ဘုန်းရွှေကျန်းမှာ ဒီကနေ့မနက်ပိုင်းကစလို့ အစိုးရတပ်တွေနဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီး အခုညနေပိုင်းအထိ မပြီးသေးဘူးလို့ MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိုသူ ဦးထွန်းမြတ်လင်းက အတည်ပြုပြောပါတယ်။
"ဒီနေ့တိုက်ပွဲ တော်တော်ပြင်းထန်ပါတယ်ဗျ၊ မနက် ၉ နာရီခွဲလောက်ကနေ စဖြစ်ပါတယ်ဗျ ၊ ဖြစ်ပြီးတော့ ၁၁ နာရီလောက်ကျတော့ သူတို့လေယာဉ် ၄ စီးနဲ့ဗုံးကဲျတယ်၊ ရွာတစ်ရွာကိုမီးရှို့လိုက်ပြီ၊ အဲ့ဒါတော့ ကျနော် သတင်းအတိအကျမရသေးဘူး၊ ပြီးတော့ သူတို့လက်နက်ကြီးနဲ့ မနက်ကနေစ ပြီးတော့ ခုချိန်အထိ တောက်လျှောက်ပစ်နေတယ်"
ဘုန်းရွှေကျန်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာ ဒီကနေ့ဆိုရင် ၃ ရက်ရှိသွားပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကုန်းကျမ်းဒေသဘက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ RFA ဝိုင်တော်သား ဦးတင်အောင်ခိုင် စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။