အာဏာသိမ်းအပြီး အသက်မပြည့်သေးသူ ၇၅ဦး အသတ်ခံရပြီး ၁ဝဝဝ ကျော် ဖမ်းဆီးခံထားရ
မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီး ငါးလကျော် ကာလအတွင်း ကလေးသူငယ် ၇၅ ဦး အသတ်ခံရပြီး ရာနဲ့ချီတဲ့ အသက်မပြည့်သေးသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးအဖွဲ့က ဇူလိုင်လ ၁၆ ရက်နေ့ က သတိပေးစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစပြီး ကလေးသူငယ်တွေ အတိုက်ခိုက်ခံနေရပြီး ကပ်ဆိုးတခု ဆိုက်ရောက်နေသလို ဖြစ်နေကြောင်းလည်း ကုလ ကလေးသူငယ်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ Mikiko Otaniက ပြောပါတယ်။ ကလးတွေဟာ တွေ့တဲ့နေရာမှာ အကြမ်းဖက်ခံရ၊ ပစ်သတ်ခံနေကြရပြီး ဖမ်းဆီးထိန်းသိမ်းခံနေရတယ်လို့လည်း ဆိုပါတယ်။
ဒီငါးလအတွင်း စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေး ၇၅ ဦးအထိ ရှိနေပြီး အဖမ်းခံရတဲ့ ကလေးက ၁၀၀၀ ကျော် ရှိနေပြီး သေနတ်နဲ့ အပစ်ခံရသူတချို့ဟာ သူတို့နေထိုင်တဲ့ အိမ်ထဲမှာပဲ အပစ်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို စစ်တပ်နဲ့ ရဲက ကလေးတွေကို သတ်ဖြတ်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်းနဲ့ မိဘကို ဖမ်းမမိလို့ ဓားစာခံအနေနဲ့ ကလေးတွေကို ထောင်တွေ၊ အချုပ်ခန်းတွေ၊ ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းထားတာဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။
တဆက်တည်း ကုလသမဂ္ဂက ရရှိထားတဲ့ ခိုင်လုံတဲ့သတင်းတွေအရ စစ်ကောင်စီတပ်တွေဟာ ဆေးရုံတွေ၊ ကျောင်းတွေ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေမှာ နေရာယူ တပ်စွဲထားတာတွေ ရှိတယ်လို့လည်း ထုတ်ပြန်တဲ့စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက့်က မီးမောင်းထိုးပြနေတဲ့ အချက်ဖြစ်တဲ့ မြန်မာတနိုင်ငံလုံးက ကလေးငယ်တစ်သန်း ကာကွယ်ဆေး ထိုးခွင့် မရဖြစ်နေတာ၊ ကလေး လေးသောင်းကျော် အာဟာရချို့တဲ့ ရောဂါကုသခွင့် အခြေအနေမပေးတာ စတာတွေကို ထောက်ပြထားသလို၊ ဒီအနေအထားတွေ ဆက်တိုက် ဖြစ်နေမယ်ဆိုရင် တနိုင်ငံလုံးက ကလေးတွေရဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာတွေကို အကြီးအကျယ် ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
အကျိုးဆက်အနေနဲ့ နိုင်ငံရဲ့ ပညာရေး၊ စီးပွားရေးတွေအပြင် ယိုယွင်းလာမယ့် အနာဂတ်အခြေအနေတွေ မြင်တွေ့နေရတယ်လို့လည်း ကုလသမဂ္ဂ ကလေးသူငယ်များအခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားထားပါတယ်။