ကုလသမဂ္ဂနဲ့အာဆီယံရဲ့ အကူအညီဖြန့်ဖြူးရေးအစီအစဉ် အရပ်ဘက်အဖွဲ့တွေကန့်ကွက်
မြန်မာစစ်တပ်ရဲ့ အပြင်းအထန်ထိုးစစ်တွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ရေး ကုလသမဂ္ဂနဲ့ အာဆီယံက စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်သွားမယ့်အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေ ဒီကနေ့ ဝိုင်းပြီး ကန့်ကွက်ခဲ့ကြပါတယ်။
စစ်ကောင်စီက သူတို့ရဲ့ကြီးမားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ကြိုးပမ်းနေချိန် - လူသားချင်းစာနာမှု အကူအညီပေးဝေရေးကို လက်နက်လို အသုံးချမယ့်ကိစ္စမှာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) နဲ့ အာဆီယံလက်အောက်ခံ အကူအညီပေးရေးအဖွဲ့ (AHA Centre) က ကြံရာပါဖြစ်လာမယ့် အန္တရာယ်ရှိနေတယ်လို့ မေ ၃၁ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး ပြောဆိုခဲ့တာပါ။
ဒီအကူအညီတွေ ပေးဝေရေးကို AHA Centre က မြန်မာစစ်တပ်နဲ့ အနီးကပ် တွဲလုပ်ပြီး စစ်ကောင်စီကို လုံးဝ ထိန်းချုပ်ခွင့် ပေးမှာမို့ အရပ်ဘက်အဖွဲ့တွေက စိုးရိမ်နေတာဖြစ်ပါတယ်။
စင်ပြိုင်အာဆီယံအဖွဲ့ဖြစ်တဲ့ ALTSEAN-Burma မှ Debbie Stothard ကတော့ - AHA Centre ဟာ နိုင်ငံရေးအကြမ်းဖက်မှုကြောင့် ဖြစ်လာတဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်ဘူး။ ၂ဝ၁၇ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကာလတုန်းကဆိုရင် AHA Centre ရဲ့ ဖြန့်ဖြူးရေးအစီအစဉ်ဟာ ရိုဟင်ဂျာတွေအပေါ် ထပ်ပြီး ညှဉ်းပန်းနှိပ်စက်အောင် မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော် ချယ်လှယ်ခွင့်ပေးသလိုဖြစ်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားဒေသတွေကို မြန်မာစစ်တပ်က လေကြောင်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။
UNOCHA နဲ့ AHA Centre ရဲ့ အကူအညီပေးရေး ဒီအစီအစဉ်ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ အဖွဲ့တွေရှိရာဒေသတွေဆီ မြန်မာစစ်တပ်က လမ်းပေါက်သွားလိမ့်မယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြနေတာပါ။
အာဆီယံဘုံသဘောတူညီချက် ၅ ချက်ထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးဝေရေးနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာ မေလ ၆ ရက်နေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲနောက်ပိုင်း UNOCHA နဲ့ AHA Centre က ဒါကို အကောင်အထည်ဖော်လာတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် UNOCHA နဲ့ AHA Centre တို့ရဲ့ စစ်ကောင်စီနဲ့တွဲပြီး အကူအညီတွေဝေမယ့် အခုအစီအစဉ်ကို မနေ့ တနင်္လာနေ့ကလည်း NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနဲ့ ကရင်၊ ကရင်နီ၊ ချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပူးတွဲပြီး ကန့်ကွက်ခဲ့ကြပါသေးတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်မှ ကိုနီးကတော့ - လူ့အသက်ကို လေးစားမှု မရှိတဲ့ မြန်မာစစ်တပ်ဟာ ဒီဇန်နဝါရီထဲမှာပဲ ကရင်နီပြည် ဖရူဆိုဒေသက IDP ဒုက္ခသည်စခန်းကို ပစ်မှတ်ထားပြီး မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်။ လူသားချင်းစာနာမှု အကူအညီတွေကိုလည်း ပိတ်ပင် တားမြစ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ အကူအညီပေးရေးဆောင်ရွက်နေသူတွေကိုလည်း တိုက်ခိုက်တာတွေ ရှိခဲ့တယ်။ ဒါကြောင့် OCHA နဲ့ AHA Centre က အခုလုပ်မယ့် အစီအစဉ်ကို ချက်ချင်းရပ်ပြီးတော့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံအကူအညီပေးရေးဆောင်ရွက်နေသူတွေနဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ ပြန်ဆွေးနွေးတိုင်ပင်လုပ်ဆောင်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အလားတူပဲ အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၇၆၅ ဖွဲ့ကလည်း - မြန်မာဒုက္ခသည်တွေထံ အကူအညီပေးဝေရေးမှာ စစ်ကောင်စီရဲ့ဝင်ရောက်စွက်ဖက်မှု မရှိဘဲ၊ အရပ်ဘက်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကနေတဆင့် နယ်စပ်ဖြတ်ကျော်ပြီး အကူအညီတွေကို ဝေမျှခွင့်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မေလဆန်းမှာပဲ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း - ဒုက္ခသည်ဦးရေဟာ ၁၄ သန်းကျော်ရှိသွားပြီလို့ ကုလသမဂ္ဂ ထုတ်ပြန်ထားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံထဲမှာ လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ငန်းဆောင်ရွက်နေသူအားလုံး လုံခြုံစွာနဲ့ အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ မေလဆန်းက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။