ကိုမျိုးရန်နောင်သိမ်းအမှု ရှေ့နေ တင်သွင်းလွှာ ပယ်ချခံရ
2016.11.09

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ ကိုမျိုးရန်နောင်သိမ်းအတွက် ရှေ့နေအဖြစ် ဦးကျော်ဟိုးကို ဒီကနေ့ လှိုင်မြို့နယ်တရားရုံးမှာ တင်သွင်းခဲ့ရာမှာ တရားရုံးကပယ်ချခဲ့ပါတယ်။
ကိုမျိုးရန်နောင်သိမ်းအမှုနဲ့ ပတ်သက်ပြီး တရားရုံးမှာ ရဲတပ်ဖွဲ့ဘက်က ရမန်ထပ်ယူတာကို ကန့်ကွက်အပြီးမှာ အခုလို ရှေ့နေအဖြစ်ပါဝါလွှဲတာကို ပယ်ချခံရတာဖြစ်တယ်လို့ ရှေ့နေဦးကျော်ဟိုး က ပြောပါတယ်။
"ရဲလုပ်ငန်းဘာရှိလဲ ဘာလုပ်ချင်လဲပြော ပြောလို့ရှိရင် ကျနော်တို့က ချင့်ချိန်လို့ရတယ်၊ ဒီလုပ်ငန်းက ဘယ်နှစ်ရက် ကြာမလဲ၊ ၅ ရက်ကြာမလား ၁ဝ ရက်ကြာမလား၊ အခုဟာက ဘာမှလဲတိတိကျကျ မပြောနိုင်ဘဲနဲ့ ရမန်ထပ်ယူ တာကို ကျနော်တို့ဘက်က ကန့်ကွက်တယ်၊ ကန့်ကွက်တဲ့အခါကျတော့ တရားသူကြီးက ကျနော့်ရဲ့ ဦးမျိုးရန်နောင် သိမ်းအတွက် လိုက်တဲ့ရှေ့နေလျှောက်လွှာကို လက်မခံဘူး ပယ်လိုက်တယ်၊ ကျနော် ကန့်ကွက်တဲ့အခါကျမှ ပယ်တာနော်၊ နဂိုကပယ်တာ မဟုတ်ဘူး"
ဒီနေ့ ရုံးထုတ်ရာမှာ ကိုမျိူးရန်နောင်သိမ်းအမှုကို ရဲတပ်ဖွဲ့ဘက်က ဒုတိယအကြိမ်မြောက်အဖြစ် ရမန် ၈ ရက် ဆက်ယူခဲ့တာကြောင့်လာမယ့် ၁၇ ရက်နေ့မှာမှ အမှုကိုစတင်စစ်ဆေးရမှာဖြစ်ပါတယ်။
ကိုမျိူးရန်နောင်သိမ်းဟာ ကာကွယ်ရေးဦးစီးချူပ်ကို စော်ကားတဲ့စာသားကို ဖေ့စ်ဘွတ်စာမျက်နာမှာ တင်ခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချူပ်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလိုလုပ် တိုင်ကြားခဲ့တာကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းစီးဆီးခံလိုက်ရတာဖြစ်ပါတယ်။
ကိုမျိူးရန်နောင်သိမ်းက ဆက်သွယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဟာ တိုင်တန်းသူတရာလိုဘက်က အသားစီးရနေတဲ့ ပုဒ်မဖြစ်ကြောင်း ဒီကနေ့ ရုံးထုတ်မှာပြောပါတယ်။
ဆက်သွယ်ဥပဒေ ပုဒ်မ ၆၆(ဃ)ဟာ အများဆုံးထောင်ဒဏ် ၇ နှစ်လောက်ထိ ကျခံရနိုင်ပြီး အာမခံမရတဲ့ဥပဒေ ပုဒ်မဖြစ်ပါတယ်။