ကိုမျိုးရန်နောင်သိမ်း အာမခံ ပယ်ချခံရ
2016.12.26

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ကိုမျိုးရန်နောင်သိမ်းရဲ့ အာမခံလျှောက်ထားမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
အာမခံပေးလို့မရတဲ့အမှုဖြစ်တဲ့အပြင် အာမခံတောင်းခံသူမှာ ထူးခြားတဲ့အခြေအနေ မရှိတဲ့အတွက် အာမခံမပေးဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ကိုမျိုးရန်နောင်သိမ်းရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးကျော်ဟိုး က ပြောပါတယ်။
"ဒီအမှုကတဲ့ ရာဇဝတ်ကျင့်ထုံးဥပဒေ နောက်ဆက်တွဲဇယားအရ အာမခံပေးလို့ မရတဲ့အမှုဖြစ်နေတယ် ပြီးတော့ ကျနော်တို့ အာမခံတောင်းတဲ့သူက ထူးခြားတဲ့အခြေအနေ ရှိတဲ့အကြောင်း မတင်ပြနိုင်ဘူးပေါ့၊ အဲ့ဒါကြောင့် မပေးဘူးပေါ့"
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အင်တာနက်စာမျက်နှာမှာ ဝေဖန်ရေးသားတယ်ဆိုပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ နဲ့ နိုဝင်ဘာလ ၄ ရက်နေ့က ကိုမျိုးရန်နောင်သိမ်းကို ဖမ်းဆီးခဲ့ပြီး ကမာရွတ်မြို့နယ် တရားရုံးမှာ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။
ဥပဒေအရ အာမခံလျှောက်ထားမှုကို တိုင်းအဆင့်ထိတက်နိုင်ပေမယ့် အမှုကြန့်ကြာနေမှာ စိုးတဲ့အတွက် အာမခံလျှောက်ထားမှုကို ရပ်တန့်ပြီး အမှုဆက်လက်စစ်ဆေးသွားမယ်လို့ ဦးကျော်ဟိုး ကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုတ်ခတ်ရေးသားတယ်ဆိုပြီး ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ မစန္ဒီမြင့်အောင်ရဲ့ အာမခံလျှောက်ထားမှုကို ပဲခူးတိုင်း တရားရုံးက ဒီနေ့ လက်ခံပြီး အာမခံနဲ့ လွှတ်ပေး လိုက်ပါတယ်။