နောက်ထပ်ပဋိပက္ခမှာ ထိခိုက်လွယ်သူတွေ နစ်နာမယ့်အရေး ဗြိတိန်သတိပေး
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ကြိုးပမ်းအားထုတ်မှုကို ဗြိတိန်အစိုးရက ထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို အပြင်းအထန် ရှုတ်ချတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံး တွေ့ဆုံ ဆွေးနွေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
နောက်ထပ်ဖြစ်ပွားမယ့် ပဋိပက္ခတွေဟာ ထိခိုက်လွယ်သူတွေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးတို့အပေါ် ထိခိုက်နစ်နာ စေလိမ့်မယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနည်းအရ ပြန်လည်ခုခံ တိုက်ခိုက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့တာပါ။ လက်ရှိ နိုင်ငံ့အခြေအနေဟာ စစ်ရေးနည်းနဲ့ ပြန်ဖြေရှင်းရမယ့် အခြေအနေ ဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း NUG ယာယီသမ္မတ ဦးဒါရှီလဆိုင်းက ပြောကြားထားပါတယ်။