ကြားဖြတ် ရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဖက်အဖွဲ့ ၁၀ ဖွဲ့တွေ့ဆုံ


2018.01.24
saiyekyawswarmyint-622.jpg MYNFREL အဖွဲ့ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် ကို တွေ့ရစဉ်
Photo: RFA

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ၆လ ကြိုတင် ထုတ်ပြန်ကြေညာပေးဖို့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC အနေနဲ့ ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဖို့ အရပ်ဖက်အဖွဲ့တွေက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုပြီး သတင်းမီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုနေတာတွေ့နေရပေမယ့် ဘယ်တော့ကျင်းပမယ်ဆိုတာကို မသိရတာကြောင့် နေပြည်တော်က UEC ရုံးမှာ မနေ့က သွားရောက် တွေ့ဆုံ တိုက်တွန်းခဲ့တာလို့ ကော်မရှင်နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့တဲ့ MYNFREL အဖွဲ့ ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့် က ပြောပါတယ်။

"လစ်လပ်တဲ့ နေရာတွေအတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ရှိတယ်လို့ မီဒီယာတွေမှာ သူတို့ ပြောလိုက်တာ တွေ့လိုက်တယ်။ အဲဒါနဲ့ ကျနော်တို့က မနေ့က ကျနော်တို့ တွေ့တဲ့အချိန်မှာ သူတို့ကို လုပ်ဖို့ဆုံးဖြတ်ပြီးရင် အနည်းဆုံး ၆ လ ထား ကြေညာပေးဖို့ တိုက်တွန်းခဲ့တယ်"

ကော်မရှင်အနေနဲ့ မဲဆန္ဒနယ် ၈ နေရာမှာ ကျင်းပမယ်ဆိုတာကို အတည်ပြု ပြောကြားခဲ့ပြီး စီမံခန့်ခွဲမှုဆိုင်ရာ လိုအပ်ချက်တွေကြောင့် ကျင်းပမယ့်ရက်ကို မကြေညာနိုင်သေးတာဖြစ်ကြောင်း ကော်မရှင်က ပြန်လည် ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို အခုနှစ် ဇွန်လကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ ရည်မှန်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားတာဖြစ်ပြီး နေ့ရက်အတိအကျကို ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

လက်ရှိမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ လစ်လပ်မဲဆန္ဒနယ် ၈ နေရာရှိပြီး ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်၊ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်၊ မတူပီမြို့နယ် အမှတ် ၁၊ အုတ်တွင်းမြို့နယ် အမှတ် ၁၊ ရသေ့တောင်းမြို့နယ် အမှတ် ၂၊ သပိတ်ကျင်းမြို့နယ် အမှတ် ၁၊ မင်းဘူးမြို့နယ် အမှတ် ၂၊ တမူးမြို့နယ် အမှတ် ၂ နေရာတွေလစ်လပ်နေတာဖြစ်ပါတယ်။

ပြည်တွင်းအရပ်ဖက် ၁၀ ဖွဲ့ စုဖွဲ့ထားတဲ့ ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ERCB က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နေပြည်တော်ရုံးမှာ မနေ့က သွားရောက်တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။