ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံရေးပါတီတွေ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ဆွေးနွေး
2017.01.03

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲကို ဘောပင်နဲ့ အမှန်ခြစ် ပေးရမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း က ပြောပါတယ်။
ဒီနေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၂၃ ပါတီက ခေါင်းဆောင်တွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ တွေ့ဆုံပွဲမှာ ကြိုတင်မဲပေးပုံ ပြောင်းလဲထားတာ၊ ဆန္ဒမဲပေးပုံ ပြောင်းလဲထားတာတွေ ကို ဦးတင်ထွန်း က ပြောခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲ တက်ရောက်လာသူတွေက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပယ်မဲတွေ လျော့နည်းဖို့နဲ့ ကြိုတင်မဲပေးရာမှာ စောင့်ကြည့်ခွင့်ပြုဖို့ကိစ္စတွေကို တင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်း က ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ ရောက်ရှိတော့မှာဖြစ်တာကြောင့် နိုင် ငံရေးပါတီတွေအနေနဲ့ ပဋိပက္ခတွေ မဖြစ်ဘဲ ရွေးကောက်ပွဲဥပဒေအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။
အရင်ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်လက်မှတ်တွေကို နိုင်ငံရေးပါတီတွေက အိမ်တိုင်ရာရောက် လိုက်ဝေတဲ့ အတွက် အင်အားနည်းတဲ့ပါတီတွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ နစ်နာကြတယ်လို့လည်း တက်ရောက်လာသူတွေက တင်ပြခဲ့ပါတယ်။
ဒါ့အပြင် အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင် က တပ်မဲဆန္ဒနယ်တွေမှာ စောင့်ကြည့်လေ့လာခွင့်ပေးဖို့ တင်ပြခဲ့ရာ အဲဒီကိစ္စကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ညှိနှိုင်းသွားမယ်လို့ ဦးတင်ထွန်း က ပြောခဲ့ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတဲ့ ကိုယ်စားလှယ်လောင်း ၉၅ ဦးစာရင်းကို ကော်မရှင်က မနေ့က အတည်ပြုထုတ်ပြန်ပေးခဲ့ပြီး အဲဒီကိုယ်စားလှယ်လောင်းတွေဟာ လာမယ့် ဇန်နဝါရီလ ၃၀ ရက်နေ့ကစပြီး မတ်လ ၃၀ ရက်နေ့အထိ မဲဆွယ် စည်းရုံးခွင့်ရကြမှာ ဖြစ်ပါတယ်။