အကျဉ်းသားကူညီရေး ဝိုင်းဝန်းကြဖို့ ဦးဝင်းတင် ပန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသား တဦးချင်းအလိုက် မဲနှိုက်ပြီး ကူညီနေတဲ့ အစီအစဉ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဝိုင်းဝန်းကူညီ ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှု ဆောင် ဦးဝင်းတင်က ပန်ကြားလိုက်ပါတယ်။

2011.02.19
win_tin_nld_anniversary_305_z.jpg စက်တင်ဘာ ၂၇ ရက်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ တည်ထောင်သည့် ၂၂ နှစ်ပြည့် အခမ်းအနားတွင် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် မိန့်ခွန်းပြောကြားနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“နိုင်ငံရေး အကျဉ်းသား ၅ဝ လောက်ကို အမေရိက ကနေ တာဝန်ယူမယ်ပေါ့။ အလားတူပဲ ကျနော်တို့ရဲ့ စိတ်ဆန္ဒ အစီအစဉ်ထဲမှာတော့ အင်္ဂလန်တို့ သြစတြေလျတို့ ဂျပန်တို့ ဆိုတဲ့ဒေသတွေမှာလည်း မဲနှိုက်ပြီး တာဝန်ယူမှုတွေ လုပ်သွားဖို့ ရည်ရွယ်ချက် ရှိပါတယ်။ အကျဉ်းသားတွေရဲ့ ဒုက္ခသုက္ခတွေ၊ ပုဂ္ဂိုလ်ရေး အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ အကူအညီပေးသွားဖို့ အဆင်သင့် ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”

လက်ရှိ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်မှာ ကူညီစောင့်ရှောက်ဖို့ မဲနှိုက် တာဝန်ယူထားသူ ၆ ရာကျော်အတွက်သာ ရှိသေးတာကြောင့် ကျန် နိုင်ငံရေး အကျဉ်းသားတွေအတွက် တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီကြဖို့ ဦးဝင်းတင်က လှုံ့ဆော်လိုက်တာပါ။

အခုနောက်ပိုင်း ဒီအစီအစဉ်မှာ ပါဝင်လာသူတွေ ပိုများလာတယ်လို့လည်း ဆိုပါတယ်။ မြန်မာစစ်အစိုးရဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ မနီလာသိမ်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီး ထောင်ချပြီး မိသားစုတွေ ထောင်ဝင်စာတွေ့ဖို့ ခက်ခဲမယ့် နယ်ဝေးထောင်တွေကို ပို့ထားပါတယ်။

ဒါ့ပြင် အကျဉ်းထောင်တွင်းမှာ နောက်ထပ် အခက်အခဲ တွေ့အောင် ဖန်တီးထားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေကို စိတ်ဓာတ်ရေးရာ အားပေးမှုပဲ ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုပဲဖြစ်စေ ကူညီကြဖို့ NLD က ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးဝင်းတင်နဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။