ဆရာကြီးဦးဝင်းတင်ကို ဆေးရုံတင်ထားရဆဲ

ချောင်းဆိုးရင်ကျပ်ဝေဒနာကြောင့် ဆေးရုံတက်ဆေးကုသခံနေရတဲ့ NLD ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ ကျန်းမာရေးအခြေအနေဟာ စိုးရိမ်စရာမရှိဘူးလို့ ဆိုပေမဲ့ သက်သာလာတာ မတွေ့ရဘူးလို့ ဦးဝင်းတင်နဲ့ အနီးကပ်နေထိုင်သူက RFA ကိုပြောပါတယ်။

2010.09.13
u_win_tin_telephone_305_z.jpg စစ်အစိုးရက ၁၉နှစ်ကြာ ဖမ်းဆီးထားခဲ့သည့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ၂၀၀၈ စက်တင်ဘာ ၂၃ရက်နေ့က ထောင်မှ လွတ်လာခဲ့ပြီးနောက် ထောင်ဝတ်စုံဖြင့်ပင် တယ်လီဖုန်း စကားပြောနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ချောင်းဆိုးပြီး အသက်ရှူကျပ်တဲ့ ဝေဒနာကြောင့် အာရှတော်ဝင် ဆေးခန်းမှာ ဆေးကုသမှု ခံယူနေတဲ့ ဦးဝင်းတင်ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေကို အနီးကပ်နေနေတဲ့ NLD လူငယ်အဖွဲ့ဝင် ကိုရာဇာက အခုလို ပြောပြပါတယ်၊၊

“နှလုံးဖောက်တာတော့ မဟုတ်ဖူး၊ သို့သော် သလိပ်မထွက်ပဲ ချောင်းခြောက်တွေ ဆိုးတာပေါ့။ အဲဒီတော့ ညလည်း တညလုံး မအိပ်ဖူး။ ဘယ်လိုခေါ်မလဲ လူကြီးဆိုတော့ အရမ်းပင်ပန်းနေတာပေါ့ဗျာ။ ချွဲပျော်ဆေးတော့ ထိုးတယ်ဗျာ။ နောက် တခြားဆေးတွေလည်း ပေးတယ်။ နောက်ပြီး အောက်ဆီဂျင်လည်း အခုပေးထားတယ်။ နောက် ဝမ်းချူတယ်။ အဲဒါ မသက်သာလာဘူး ဖြစ်နေတယ်။”

“ချောင်းဆိုးလွန်းတော့ ဒီ ရင်ဘတ်တွေရော၊ ဗိုက်ကြောတွေရော နာတယ်ဗျ။ အဲဒါနဲ့ထပ်တူ ဘာဖြစ်လာလဲဆိုတော့ ဒီ ဗိုက်ထဲမှာ သူက ကြွက်တက်တယ်ပေါ့ဗျာ၊ အူလိပ်တွေ တက်တက်လာတာ အဲဒီဥစ္စာ တော်တော်ဆိုးတယ်ဗျ။ သူတော်တော် ခံစားနေရတယ်။ အမြဲတမ်း ဖြစ်နေတာတော့ မဟုတ်ဖူး။ ဥပမာ သူ ရုတ်တရက် ထလိုက်တဲ့အခါမျိုးတို့ ဘာတို့ အဲဒီလိုမျိုး ဆိုလို့ရှိရင် သူ တော်တော် ခံရတယ်ဗျ။ အဲဒါဆိုရင် နှိပ်ထားရတယ်။ ၃ မိနစ်လောက်အထိ နှိပ်ထားတော့မှ ပြေတယ်ဗျ။”

ဦးဝင်းတင်ဟာ လက်ရှိ နှလုံး အထူးကြပ်မတ်ဆောင်မှာ နေနေရကြောင်း၊ ဒီနေ့ညမှာ အဆုတ်ရောဂါကုသဖို့ အဆောင်ပြောင်းနိုင်ကြောင်း၊ ဦးဝင်းတင် လက်ရှိခံစားနေရတဲ့ အဆုတ်ဝေဒနာကို ကုသပေးမဲ့ ဆရာဝန်ဟာ ခရီးလွန်နေတဲ့အတွက် တခြားဆရာဝန်တွေက သူ့ကို ကြီးကြပ်ကုသနေကြောင်း ကိုရာဇာက ပြောပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လမှာ ဦးဝင်းတင်ဟာ နှလုံးနဲ့ ပတ်သက်ပြီး အာရှတော်ဝင် ဆေးရုံမှာ နှလုံးအတွင်း စက်ထည့်သွင်းဖို့အတွက် ခွဲစိတ်ကုသခဲ့ရဖူးပါတယ်။ သူ့ရဲ့ နှလုံးအနေအထားကိုလည်း အခု စက်တွေနဲ့ အသေအချာ စောင့်ကြည့် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။