ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးလေးဦးကို အဂတိမှုနဲ့ စတင်စစ်ဆေး

2021.09.08
ရခိုင်ဝန်ကြီးချုပ် ဦးညီပုနဲ့ ဝန်ကြီးလေးဦးကို အဂတိမှုနဲ့ စတင်စစ်ဆေး ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ၂၀၂၁၊ ဇန်နဝါရီ ၄ ရက်နေ့ ကျင်းပတဲ့ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နဲ့ ဝန်ကြီးလေးဦးကို စစ်တွေမြို့နယ် တရားရုံးမှာ ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ဒီနေ့ စတင်စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးအောင်စစ်မင်းက RFA ကိုပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် ဦးညီပု၊ လျှပ်စစ်စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာအခွန် စီမံကိန်းနဲ့စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနဲ့သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင်တို့ကို စတင်စစ်ဆေးခဲ့တာပါ။

သူတို့ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က စစ်ကောင်စီကနေ အဂတိတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ နဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးညီပုကတော့ နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ပါ ရင်ဆိုင်နေရတာဖြစ်ပြီး စည်ပင် ဝန်ကြီးဟောင်း ဦးမင်းအောင်ကလည်း ငြိမ်းစုစီ ဥပဒေပုဒ်မ - ၁၉ အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅ တို့နဲ့ပါ ရင်ဆိုင်နေကြရတာပါ။

အခုလက်ရှိ သူတို့ကို စစ်တွေအကျဉ်းထောင်နဲ့ တပ်နယ်တွေမှာ ထိန်းသိမ်းထားပြီး ကျန်းကျန်းမာမာ ရှိနေတယ်လို့လည်း ရှေ့နေဦးအောင်စစ်မင်းက ဆိုပါတယ်။

သူတို့ကို လာမယ့် စက်တင်ဘာလ ၂၁ရက်၊ ၂၂ ရက်နေ့မှာ ထပ်မံ ရုံးချိန်းလိုက်တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က ဝန်ကြီး တွေကို အဂတိလိုက်မှုအပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မတွေနဲ့ပါ တရားစွဲဆို ခံနေရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။