ကျောင်းတိုက်က ထွက်မှာမဟုတ်လို့ ဦးဃောသိတ မိန့်ကြား

ရန်ကုန်မြို့ ငါးထပ်ကြီးဘုရား လိပ်ပြာကန် ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတက မိမိကို ကျောင်းတိုက်ကနေ ထွက်ခွာဖို့ သံဃ မဟာနာယကအဖွဲ့က အမိန့်ထုတ်ထားပေမယ့် အဲဒီကျောင်းမှာပဲ ဆက်လက် သီတင်းသုံး နေထိုင်မယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။

2012.02.29
u-gaw-thida-b305 ရန်ကုန်မြို့ ၅ ထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က စာချဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဃောသိတ
RFA

ဦးဃောသိတ အကျဉ်းထောင်က ပြန်လွတ်လာပြီးတဲ့နောက် ရဟန်းပြန်ဝတ်ခွင့်ကိစ္စ လျှောက်ထားပေမယ့် သီတင်းသုံးရာ ကျောင်းတိုက်က နှင်ထုတ်ခံထားရတဲ့အတွက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဒီကနေ့ သာသနာရေးဦးစီးဌာနကို သွားရောက် တွေ့ဆုံခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ ဦးဃောသိတက အာအက်ဖ်အေကို အခုလို မိန့်ပါတယ်။

“သာသနာရေး သွားတဲ့အခါ သာသနာရေးက ဦးစီးတစ်ယောက်နဲ့တွေ့တယ်။ သူ့ကို ဦးပဉ္စင်းက ၁၅ ရက် ၂ လ ၂၀၁၂ မှာ ဦးပဉ္စင်း ရဟန်းဝတ်ခွင့် တင်ထားတယ်။ ဒကာကြီးတို့ ဘယ်တော့ အဲဒါ စီစဉ်ပေးမှာလဲ၊ အရေးကြီးနေတယ်လို့ ဦးပဉ္စင်း ပြောခဲ့တယ်။ ပြောတဲ့အခါကျတော့ သာသနာရေးက တပေါင်းလပြည့်ကျော်မှ ဦးပဉ္စင်းကို လုပ်ပေးလို့ရမယ်၊ အဲဒီအချိန်ကျလို့ရှိရင်တော့ ဦးပဉ္စင်းကို သေသေချာချာ ကူညီပါ့မယ်၊ အဲဒါကို စိတ်ချပါလို့ သူတို့က ပြောတယ်။ နောက်တခါ ဦးပဉ္စင်းကို ကျောင်းတိုက်ကနေ ဖယ်ထားတဲ့စာ ဦးပဉ္စင်းက ထုတ်ပြတယ်။ သာသနာရေး ဦးစီးတစ်ယောက်က ဦးပဉ္စင်းကို ပြောတယ်။ ဒီအမိန့်က သူတို့လာပြီးတော့ လုပ်ရမယ့်အလုပ်ပါတဲ့။ သူတို့လည်း အလုပ်ရှုပ်နေတယ်၊ လေးလပိုင်းကျော်တဲ့အထိ ဒီနေရာမှာ ဆက်နေရင်လည်း ရပါတယ်လို့ သူတို့ကိုယ်နှိုက်က ပြောလိုက်ပါတယ်”

ဦးဃောသိတက သူ့အနေနဲ့ သတ်မှတ်တဲ့ အချိန်ပြည့်ရင်လည်း ကျောင်းတိုက်မှာပဲ ဆက်ပြီး သီတင်းသုံးမှာဖြစ်တယ်လို့ အာအက်ဖ်အေကို မိန့်ပါတယ်။

ဆရာတော် ဦးဃောသိတဟာ ၂၀၀၈ ခုနှစ်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်ကယ်ဆယ်ရေး လုပ်နေရင်းနဲ့ ထိုင်ဝမ်နိုင်ငံက ဘာသာရေးအဖွဲ့တစ်ခုရဲ့ဖိတ်ကြားချက်အရ တခြားသံဃာ ခုနစ်ပါးနဲ့အတူ ထိုင်ဝမ်ကို ခေတ္တကြွသွားပြီး ရန်ကုန်ပြန်အလာ လေဆိပ်မှာ အဖမ်းခံခဲ့ရတာပါ။

အဲဒီနောက် တရားမဝင် ဒေါ်လာငွေကိုင်ဆောင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ထွက်ခွာမှု၊ မတရားသင်း ဖွဲ့စည်းမူတွေနဲ့ ဆရာတော်ကို ထောင် ခုနစ်နှစ် ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ရမည်းသင်းထောင်က ပြန်လွတ်လာပါတယ်။

ဦးဃောသိတကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် လျှောက်ထားမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။