လိုအပ်ရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းပြော
2012.09.22

နယူးယောက်မြို့က ကုလသမဂ္ဂဌာချုပ်ကို ဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ ရောက်ရှိစဉ် ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
တိုင်းရင်းသား အရေးနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဦးအောင်မင်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် အခြေစိုက် UNFC လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက အခုလို မှတ်ချက်ပေးပါတယ်။
"ဒါကတော့ ဦးအောင်မင်းတစ်ယောက်ထဲရဲ့ အပြောပဲလေ။ ဦးအောင်မင်းနဲ့ စကားပြောလိုက်ရင် ဘာမဆို အားလုံးလွယ်နေတာချည်းပဲဗျ။ ဒါပေမဲ့ လက်တွေ့ကြတော့ ဒါကအများနဲ့ကိစ္စ၊ ဘာမှဖြစ်ဖို့ မလွယ်ဘူးလေ။ အဲဒီတော့ အစိုးရတစ်ဖွဲ့လုံးရဲ့ကိစ္စ၊ တပ်မတော်ကိစ္စဆိုတဲ့ဟာမှာ အမှန်က လက်တွေ့အရ ပြောင်းလဲဖို့ မလွယ်ဘူး"
ဒါ့အပြင် ကချင် KIA တပ်တွေနဲ့ အပစ်ရပ်ရေး ပဏာမ သဘောတူညီချက် ရထားပေမယ့် လာမယ့်ဒီဇင်ဘာလ UNFC လက်နက်ကိုင် တပ်ပေါင်းစုအဖွဲ့နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တို့ တွေ့ဆုံချိန်မှာ အပြီးသတ် လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဝန်ကြီးဦးအောင်မင်းက (ရိုက်တာ) သတင်းဌာနကို ပြောဆိုပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |