ဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့ ဒေါက်တာ စင်သီယာမောင်နှင့် တွေ့ဆုံဆွေးနွေး
2012.08.06

အဲဒီဆွေးနွေးပွဲမှာ မယ်တော်ဆေးခန်းရဲ့ တာဝန်ခံ ဒေါက်တာ စင်သီယာမောင်က အခုလို ဆွေးနွေးခဲ့ပါတယ်။
"မဲဆောက်ဆေးရုံနဲ့ မြဝတီဆေးရုံနဲ့ မယ်တော် ဆေးခန်းနဲ့ လုပ်နိုင်မယ့် လုပ်ငန်းအစီအစဉ် အတွက်ကို လူနာ လွှဲပြောင်းတာပဲ ဖြစ်ဖြစ်၊ သတင်း အချက်အလက်တွေ ဖလှယ်တာပဲဖြစ်ဖြစ် လုပ်ငန်းတွေ အစီအစဉ်အတွက်ပဲ ကျွန်မတို့ follow-up meeting တစ်ခုတော့ လုပ်ဖို့ လိုအပ်တယ် ပေါ့နော်။ ၂၀၀၈ ခုနှစ်မတိုင်ခင် မွေးဖွားတဲ့ ကလေးရှိတယ်။ ၂၀၀၈ နောက်မှာ မွေးဖွားတာရှိတယ်။ ဒီထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ အချိန်မှာ သူတို့ ရရှိတဲ့ စာရွက် စာတမ်းတွေက ကွဲပြားမှုတွေ ရှိတယ်လေ။ သို့သော်လည်း သူတို့အားလုံးဟာ မြန်မာပြည်ထဲမှာ မွေးစာရင်း ပြန်လည်ရရှိဖို့တို့၊ နိုင်ငံသား ဖြစ်ရေး အဲဒီကိစ္စတွေကိုလည်း ခြုံငုံပြီးတော့ သိသွားပြီ ဆိုလို့ရှိရင်တော့ လုပ်မဲ့ process တွေ ရှင်းရှင်းလင်းလင်း ဆွေးနွေးလို့ ရမှာပေါ့"
ဒေါက်တာ ဝေေ၀သာနဲ့ အဖွဲ့ဟာ မယ်တော်ဆေးခန်းအတွက် ဒေါက်တာ စင်သီယာမောင်ထံ ထိုင်းဘတ်ငွေ တစ်သိန်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ညနေပိုင်းမှာ မယ်တော်ဆေးခန်းကို ဖိတ်ကြားထားတဲ့ မဲဆောက်ဆေးရုံကြီးက တာဝန်ရှိသူတွေနဲ့လည်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကျန်းမာရေး ကုသမှုဆိုင်ရာ ကူညီဆောင်ရွက်ပေးနိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
မယ်တော်ဆေးခန်းကို ညနေပိုင်းမှာ ရောက်ရှိလာတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းကတော့ ဒေါက်တာ စင်သီယာမောင်ရဲ့ တင်ပြဆွေးနွေးမှုတွေကို ကူညီ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း အခုလို ပြောပါတယ်။
"ဆေးခန်းမှာ တက်နေတဲ့ သူတွေကလည်း မြန်မာနိုင်ငံက တိုင်းရင်းသားတွေပါပဲ။ တိုင်းရင်းသားတွေရဲ့ အရေးကိစ္စက ကျွန်တော်တို့ နိုင်ငံတော်အစိုးရရဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က လာပြီးတော့ ဆရာမကြီးကို အားပေးတယ်။ ဆရာမကြီး လိုအပ်ချက်တွေကို လုပ်ပေးမယ်။ နောက်ပိုင်း ဆရာမကြီးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ အဲဒီအတွက် လာတာဖြစ်တယ်။ ကျွန်တော်တို့ မြဝတီဆေးရုံကို အဆင့်မြှင့်ပါ့မယ်။ အခုကတော့ ဖစ်ပတီ ဘတ်ဂျက်ပဲ ဖြစ်တယ်။ အဲဒီမှာ စပယ်ရှယ်လစ်တွေကို ပို့ပေးမယ်။ အဲဒါတွေ ပြီးတဲ့အခါမှာ ဒီကဆရာမကြီးကနေ လူနာတင် ကားတစ်စီးနဲ့ ဆရာမကြီး လက်မှတ်ထိုးပြီးတော့ လွှဲပြောင်းပေးတဲ့ လူနာအားလုံးကို ဟိုက လက်ခံပြီး ကုသသွားမှာ ဖြစ်တယ်။ ကျွန်တော် ထင်တယ်။ တစ်လ၊ နှစ်လအတွင်းမှာ ဒါတွေကို စတင် ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ မွေးစာရင်းတို့ ဘာတို့၊ ညာတို့ကတော့ ဒါက ချက်ချင်း လုပ်လို့ရတဲ့ ကိစ္စပါ"
မယ်တော်ဆေးခန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း အဆင့်အလိုက် မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ပြုလုပ်ပေးမဲ့ ရက်တို သင်တန်း တက်စေပြီး အစိုးရအနေနဲ့ တရားဝင်လက်မှတ် ထုတ်ပေးကာ မြန်မာနိုင်ငံတဝှမ်း ဘယ်နေရာမှာမဆို လုပ်ကိုင် စားသောက်လို့ရတဲ့ အခြေအနေထိ ကူညီ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့ပါတယ်။
မယ်တော်ဆေးခန်းကို ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းနဲ့အတူ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာ ဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း အပါအဝင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ပုဂ္ဂိုလ်တွေလည်း လာရောက်ခဲ့ကြပါတယ်။