မန္တလေး NLD ပါတီဝင်နှစ်ဦး သွေးသောက်အဖွဲ့လက်ချက်နဲ့ အသတ်ခံရ

2022.04.26
မန္တလေး NLD ပါတီဝင်နှစ်ဦး သွေးသောက်အဖွဲ့လက်ချက်နဲ့ အသတ်ခံရ မန္တလေးမြို့က နေအိမ်တစ်အိမ်ရဲ့ တံခါးမှာ သွေးသောက်အဖွဲ့လည်ဆွဲတံဆိပ်ကို ချိတ်ထားခဲ့တာကို တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ ဖြစ်ကြတဲ့ စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးခင်မောင်သိန်းနဲ့ ညီဖြစ်သူ ဦးတင်တို့ကို ဧပြီလ ၂၅ ရက် မနေ့က သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ခဲ့တယ်လို့ NLD နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်က ဦးခင်မောင်သိန်းနဲ့ ဇနီး ဒေါ်ခခ နဲ့ ညီဖြစ်သူ ဦးတင်တို့ဟာ အမည်မသိ အဖွဲ့ တစ်ခုရဲ့ဖမ်းဆီးတာခံခဲ့ရတာပါ။

သေဆုံးနေတဲ့ ဦးခင်မောင်သိန်းရဲ့ ရုပ်အလောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ ဇနီးဖြစ်သူတို့ကို မနေ့မနက်ပိုင်း မန္တလေး NLD ခရိုင်ရုံးရှေ့မှာ တွေ့ခဲ့ရပြီး ဦးတင်ရဲ့ ရုပ်အလောင်းကိုတော့ မနေ့ညနေပိုင်းက ကမ်းနားလမ်း၊ စံပယ်တန်ဖိုးနည်းအိမ်ရာအနီးမှာ တွေ့ခဲ့ရတာပါ။

သေဆုံးသူတွေရဲ့ ကိုယ်ပေါ်မှာ သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေး MDY စာသားပါ လည်ဆွဲကတ်ပြားကိုပါ ချိတ်ဆွဲထားတယ်လို့ ပြောပါတယ်။

ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီခန့်ကလည်း အောင်မြေသာစံမြို့နယ်ထဲက မြို့ရှောင်လမ်းမ ပေါ်မှာ သွေးသောက်အဖွဲ့ရဲ့ လည်ဆွဲကတ်ပြားပါတဲ့ အမျိုးသားအလောင်း စွန့်ပစ်ခံထားရ တာကို မြို့ခံတွေက တွေ့ခဲ့ပါတယ်။

ဧပြီလ ၂၁ ရက်နေ့က မန္တလေး သွေးသောက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ NLD ပါတီဝင် တွေနဲ့ ပါတီကို ထောက်ခံသူတွေ၊ PDF အဖွဲ့နဲ့ သူတို့နဲ့ ဆက်နွှယ်နေသူတွေကို ချေမှုန်းဖို့ အနီရောင်စစ်ဆင်ရေးဆိုပြီး လုပ်တာလို့ ပါရှိပါတယ်။

ဧပြီလ ၂၅ ရက်က တယ်လီဂရမ် လူမှုကွန်ရက်မှာ သွေးသောက်ဆိုတဲ့အဖွဲ့က ဒီသတ်ဖြတ်မှု တွေကို လုပ်ခဲ့တာဖြစ်ပြီး စစ်တပ်၊ ရဲနဲ့ ပျူစောထီးအဖွဲ့တွေနဲ့ မပတ်သက်ဘူးလို့ ရေးသား ထားပါတယ်။

အဲဒီအဖွဲ့နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ပေမယ့် ဒီ နေ့လယ်ပိုင်းအထိ ဖုန်းခေါ်လို့ မရသလို သွေးသောက်အဖွဲ့ဆီလည်း လူမှုကွန်ရက်ကနေ ဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဧပြီလ ၂၅ ရက်နေ့က သွေးသောက်အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဒလန်လို့ ခေါင်းစဉ်တပ် သတ်ဖြတ်ပြီး ထွက်ပြေးနေသူတွေ၊ PDF ကို ထောက်ပံ့နေသူတွေ၊ သတင်းအတု ဖန်တီးနေတဲ့ မီဒီယာတွေ၊ နိုင်ငံခြားမှာ နေထိုင်ကြပြီး လူသတ်ဖို့ လှုံ့ဆော်နေသူတွေ၊ လူမှုကွန်ရက်ကနေ တော်လှန်ရေးမှာ မပါဝင်သူတွေကို ဒလန်ခေါင်းစဉ်တပ်ပြီး သတ်ဖြတ်ဖို့ လှုံ့ဆော်နေသူတွေ၊ Social Punishment လုပ်ဖို့ လှုံ့ဆော်နေသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင် တွေ အားလုံးကိုပါ တိုက်ခိုက်သွားမယ်လို့ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။