လောင်းလုံးဒေသခံနှစ်ဦး ထောင်တစ်သက်ချမှတ်ခံရ

2022.04.30
လောင်းလုံးဒေသခံနှစ်ဦး ထောင်တစ်သက်ချမှတ်ခံရ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အကျဥ်းထောင်ကို တွေ့ရစဉ်
Photo: IPRD

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ဒေသခံ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီက ပေါက်ကွဲပုဒ်မနဲ့ စွပ်စွဲပြီး ထောင်ဒဏ်တစ်သက် ချမှတ်လိုက်တယ်လို့ ဧပြီ ၂၉ ရက် မနေ့က ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ပါတယ်။

သောကြာပြင်ရွာသား ဦးစောရွှေနဲ့ ကိုစိုးမင်းထွေးတို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ ရုံးချိန်းမှာ ထားဝယ်ထောင်တွင်း တရားရုံးကနေ အမိန့်ချခံလိုက်ရတာလို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ဖော်ပြထားပါတယ်။

လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာက အုပ်ချုပ်ရေးမှူး နေအိမ်ဗုံးပေါက်ကွဲမှုမှာ သူတို့ပါဝင်ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၂၁ ရက်က ဖမ်းဆီးထားတာပါ။

အဲဒီနောက်မှာတော့ ပေါက်ကွဲအက်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မ ၅၄ တို့နဲ့ တရားစွဲဆိုခဲ့ပြီး ခုနှစ်လ အကြာမှာ အမြင့်ဆုံးပြစ်ဒဏ်လို့ ပြောလို့ရတဲ့ ထောင်တစ်သက် ချမှတ်ခံလိုက်ရတာပါ။

ထားဝယ်အကျဉ်းထောင်အတွင်းမှာ စစ်ကောင်စီက အမိန့်ချမှတ်ခံထားရတဲ့ အမျိုးသား ဦးရေဟာ ၁၈၃ ယောက်ရှိပြီး အမျိုးသမီး ၁၅ ယောက်ဟာလည်း ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။