ဘူးသီးတောင်တိုက်ပွဲအတွင်း နေအိမ် နှစ်လုံး မီးလောင်


2019.07.18
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ဘူးသီးတောင်မြို့နယ်၊ စံကိုးထောင်ကျေးရွာအုပ်စု ရှစ်ရှားတောင်ကျေးရွာနဲ့ ဥယျာဉ်သာကျေးရွာအကြားမှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ ဒီကနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရှစ်ရှားတောင်ကျေးရွာက နေအိမ် နှစ်လုံး မီးလောင်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေက ပြောပါတယ်။

ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဒီရှစ်ရှားတောင်ကျေးရွာနဲ့ ဥယျာဉ်ကျေးရွာ တဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီနေ့မနက်မှာ တိုက်ပွဲပိုပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် တိုက်ပွဲအတွင်း နေအိမ် ၂လုံး မီးလောင်ခဲ့တဲ့အကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက အခုလိုပြောပါတယ်။

"အခြေအနေက ရှစ်ရှားတောင်ရွာမှာ မီးလောင်သွားတယ်လို့ပြောတယ်၊ အိမ်နှစ်လုံး၊ နောက်ပြီးတော့ အဲဒီရွာထဲ မှာ လူသုံးဦး ပိတ်မိနေတယ်၊ အခုကတော့ တပ်ကလူတွေရှိတယ်လို့ ပြောသံကြားတယ်၊ ရွာသားတွေက ဟိုး တနေ့ကတည်းက ထွက်ပြေးသွားပြီ၊ ဒါပေမဲ့ အဲဒီရွာတွေမှာ မသွားနိုင်တဲ့ အဖွားကြီးတစ်ယောက်ရယ်၊ နောက်ပြီး စကားပြောလို့ရမတဲ့တစ်ယောက်၊ နောက်တစ်ယောက်ကတော့ စိတ်မနံှ့တဲ့လူတစ်ယောက်ပေါ့ သုံးယောက် ကျန်ခဲ့တယ်၊ ရွာမှာ၊ ရွာသားတွေက ဘူးသီးတောင်ဘက်ကိုပြေးတယ်၊ နောက် ဥယျာဉ်သာဘက်ပြေးတယ်၊ ပြေးနေတာကြာပီရွားသားတွေက၊ တချို့ကတော့ဒီလို နည်းနည်းတိုက်ပွဲတွေ ဘာတွေမရှိရင် သွားကြည့်တယ်၊ နောက်ပြီးပြန်သွားတယ်၊ အဲလိုမျိုးပေါ့၊ သူတို့ကိုလူမှုအဖွဲ့အစည်းတွေ လာလှူတာရှိတယ်၊ နောက်ပြီးတော့ ICRC ကနေကူညီထောက်ပံ့တာရှိတယ်၊ အစိုးရဘက်ကတော့နည်းပါတယ်ဗျ တော်တော်များများထောက်ပံ့တာ မရှိသလောက်ပဲ"

ဒီတိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ရှစ်ရှားတောင်ကျေးရွာမှာတော့ စိတ်မနှံ့သူ တစ်ဦးအပါအဝင် သုံးယောက် ကျန်ခဲ့တယ်လို့ ဦးအောင်သောင်းရွှေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဥယျာဉ်သာကျေးရွာသား ဦးသိန်းထွန်းက ဒီနေ့မနက်က ကြားခဲ့ရတဲ့ ပစ်ခတ်သံတွေနဲ့ တိုက်ပွဲအခြေအနေကို အခုလိုပြောပါတယ်။

"ဟုတ်ကဲ့ပါ မနက်ဆယ်နာရီလောက်က တိုက်ပွဲဖြစ်တယ်လို့ ပြောသံကြားတယ်၊ ဆယ်နာရီလောက်စပြီး ဆယ်တစ်နာရီလောက်အထိကြားရပါတယ်၊ နောက်ပြီးတော့ အိမ်သုံးလုံးလောက် မီးရှို့သွားတယ်လို့ ပြောသံကြားပါတယ်၊ အခုအချိန်တော့ ပစ်ခတ်သံတော့ဆိတ်နေတယ်၊ AA နဲ့ မြန်မာ့တပ်မတော်နဲ့ ပစ်တယ်လို့ ပြောသံကြားပါတယ်။"

ဒီတိုက်ပွဲအတွင်း နေအိမ် နှစ်လုံး မီးလောင်တဲ့အပေါ် ရခိုင့်တပ်တော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က တပ်မတော်ကို အခုလိုစွပ်စွဲပြောဆိုပါတယ်။

"အဲဒီမှာ ဒီရှစ်ရှားတောင်ရွာကိုတော့ ဗမာစစ်တပ်ကဝင်ပြီး မီးရှို့နေတယ်ဆိုတာတော့သိတယ်၊ ဒါပေမဲ့ အသေး စိတ် ဘာဖြစ်နေတယ်ဆိုတာတော့ ကျွန်တော်လည်း အသေးစိတ်တော့ မသိရသေးဘူး၊ ဗမာစစ်တပ်ဘက်က ဝင်ပြီးတော့ မီးရှို့တယ်ဆိုတာတော့ သိရတယ်၊ ရွာသားတွေဆီကတဆင့်၊ မနေ့က အဲဒီမှာ ဒီအခုမနက် တိုက်ပွဲဖြစ်တဲ့ စစ်ကြောင်းဟာ မနေ့က ၁၇ ရက်နေ့မှာလည်းပဲ ခမီးကျိန်ချောင်းနားမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တာရှိတယ်။"

ဒါနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ တိုက်ပွဲဖြစ်ပွား တဲ့အတွက် နှစ်ဘက်ပစ်ခတ်တဲ့ ဗုံးသီးတွေကြောင့် နေအိမ်တွေ မီးလောင်တာဖြစ်နိုင်ပြီး တပ်မတော်ဘက်က ရည်ရွယ်ပြီး ဘယ်တော့မှမလုပ်ဘူးလို့ ပြောပါတယ်။

"မီးရှှို့ခံရတာတော့မဟုတ်ဘူးခင်ဗျ၊ ဖြစ်စဉ်ကဟုတ်လား ကျွန်တော်တို့မနေ့က ကန်မြေရဲ့အရှေ့ဘက်ကြောမှာ AA ရဲ့အမြဲတမ်းကျက်စားနေတဲ့နေရာမှာ ကျွန်တော်တို့တိုက်ပွဲဖြစ်တာပေါ့၊ တိုက်ပွဲဖြစ်တာမို့လို့ သောင်းကျန်း သူတွေ ရွာသားအသွင်နဲ့ နေတဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ဆွေမျိုးနီးစပ်ရာ ရွာတွေရွာတွေမှာ အကုန်လုံး တပ်ပျောက်သွားကြတယ်၊ အဲဒီရွာဝန်းကျင်နားမှာ တိုက်ပွဲတွေဘာတွေ ဆက်ဖြစ်တာရှိတာပေါ့၊ တိုက်ပွဲဘာ ညာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီကောင်တွေဟာရွာတွေကို အခြေခံပြီးတော့မှ ရွာထဲကပြန်ပစ်တဲ့ အတွက်ကြောင့်မို့လို့ သူပစ်ကိုယ်ပစ်ဆိုတော့နော် ရွာတွေပေါ်မှာ ဗုံးသီးကျပြီးတော့ လောင်ကောင်းလောင် လိမ့်မယ်၊ သီးခြားရှို့တာတော့ မရှိဘူးခင်ဗျ"

ဒီကနေ့ညနေပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘူးလို့ ဗိုလ်မှူးကြီးဝင်ဇော်ဦး ပြောဆိုချက်အရ သိရပါတယ်။

နေအိမ်တွေ မီးလောင်မှုနဲ့ပတ်သက်လို့တော့ RFA အနေနဲ့ သီးခြားအတည်ပြုလို့မရခဲ့ပါဘူး။

စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော် အထိရှိနေပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။