စစ်တွေထောင်က လွတ်လာတဲ့ ဗိုလ်ချုပ်ဆေထင် ရန်ကုန်မှာ ဆေးကုသ

ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း SSA အဖွဲ့ နာယက နဲ့ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ SSPC အဖွဲ့ဝင်ဖြစ်တဲ့ ဗိုလ်ချုပ် ဆေထင်ဟာ စစ်တွေထောင်ကနေ မနေ့က လွတ်မြောက်လာခဲ့ပေမယ့် ဒီကနေ့ ရန်ကုန်မှာပဲ ရှိနေပြီး လေယာဉ်မရှိတဲ့အတွက် မိသားစုရှိရာ လားရှိုးမြို့ကို မလာနိုင်သေးဘူးလို့ သမီးဖြစ်သူ မနန်းခမ်းဖောင်းက ပြောပါတယ်။

2011.10.13

ဗိုလ်ချုပ်ဆေထင်ဟာ လားရှိုး လေယဉ်မရှိသေးတဲ့အတွက် သူ့ကျမ်းမာရေးနဲ့ မျက်စေ့စစ်ဆေးဖို့ ရှိကြောင်း၊ သူ့ကို တွေ့လိုသူတွေ တွေ့ခွင့်ရကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်ဆေထင်ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းထားတဲ့ ရှမ်းပြည် မြောက်ပိုင်းတပ်က ရန်ကုန်ရုံး တာဝန်ရှိသူတွေက အနီးကပ် စောင့်ရှောက်နေကြတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ဗိုလ်ချုပ်ဆေထင်ကို ပြန်လွှွတ်ပေးလိုက်တဲ့ အတွက် SSA (မြောက်ပိုင်းတပ်) က ကြိုဆိုလိုက်ပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို လိုလားတယ် ဆိုရင်တော့ နောက်ထပ် ကျန်နေသေးတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ ဦးခွန်ထွန်းဦး အပါအဝင် ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အရေးကြီးကြောင်း၊ ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း SSA (မြောက်ပိုင်းတပ်) ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ဗိုလ်ချုပ်ဆေထင်ဟာ ထောင်က လွတ်ချိန်မှာ အသက် ၇၅ နှစ်အရွယ် ရှိပြီဖြစ်ပြီး စစ်ကိုင်းတိုင်း ခန္တီးထောင်၊ မန္တလေး အိုးဘိုထောင်နဲ့ နောက်ပိုင်း ရခိုင်ပြည်နယ် စစ်တွေထောင်ကို ပြောင်းရွေ့ခဲ့ခံရ ပါတယ်။ ထောင်ထဲမှာ နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေ ခံစားနေခဲ့ရသူလို့ သိရပါတယ်။

ဗိုလ်ချုပ်ဆေထင်ကို တခြား ရှမ်းခေါင်းဆောင်တွေနဲ့ အတူ ရှမ်းပြည် အတိုင်ပင်ခံ ကောင်စီဖွဲ့ဖို့ ကြိုးစားမှုနဲ့ နိုင်ငံတော် ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု စတဲ့ စွဲချက်တွေနဲ့ ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှာ စစ်အစိုးရ အာဏာပိုင်တွေက ထောင်ဒဏ် (၁၀၆) နှစ် ချမှတ်ခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။