တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းပါ ပုဒ်မ ၁၅(စ)ကို ကန့်ကွက်ကြောင်း သတင်းစာရှင်းလင်း
2018.12.18

မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ တိုင်းရင်းဆေးပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူရဲ့ အရည်အချင်းများ သတ်မှတ်ခြင်းဆိုတဲ့ ပုဒ်မ ၁၅ (စ) ထည့်သွင်းလိုက်တဲ့အပေါ် တိုင်းရင်းဆေးပညာရှင်တွေ၊ ကျောင်းသား ကျောင်းသူတွေက ကန့်ကွက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းအရဆိုရင် တိုင်းရင်းဆေးတက္ကသိုလ် မတက်ရောက်ဖူးသူတွေကို ကောင်စီဘက်က အရည် အချင်းပြည့်မီကြောင်း သတ်မှတ်ပေးရင် တဆလို့ ခေါ်တဲ့ တိုင်းရင်းဆေးဆရာ မှတ်ပုံတင်လက်မှတ်ရရှိမှာဖြစ် တာကြောင့် တက္ကသိုလ်တက်ရောက်နေသူတွေဘက်က နစ်နာတယ်လို့ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုစိုင်းကျော်စစ်ဦး က RFA ကို ပြောပါတယ်။
အဲဒီပုဒ်မ ထည့်သွင်းလိုက်တဲ့အတွက် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအကြောင်းကို မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်မှာ ဆရာတွေက ဒီနေ့ရှင်းလင်းဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် တိုင်းရင်းဆေးပညာကို စနစ်တကျသင်ယူပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ပညာရှင်တွေနဲ့ တိုင်းရင်းဆေးဝန်ထမ်းတွေဘက်ကလည်း ဒီပုဒ်မအပေါ် ကန့်ကွက်တဲ့လှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြပါတယ်။
ပုဒ်မ ၁၅ (စ) ပါတဲ့ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့တာကြောင့် ဒီလိုကန့်ကွက်နေကြတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။