မြန်မာပြည်လာမယ့် ခရီးသွားများ ကျန်းမာရေးစစ်ဆေးခံရမည်

RFA Burmese
2024.02.29
မြန်မာပြည်လာမယ့် ခရီးသွားများ ကျန်းမာရေးစစ်ဆေးခံရမည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ခရီးသွားများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဉ်။
Facebook/ Yangon International Airport

ခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်မယ်ဆိုရင် ကိုယ်အပူအချိန်နဲ့ ကျန်းမာရေး စစ်ဆေးခံရမယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ လေကြောင်းခရီးစဉ်၊ ရေကြောင်းခရီးစဉ်နဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေကနေ ဝင်လာမယ့်သူတွေကို စစ်ဆေးမယ်လို့ စစ်ကောင်စီက ဆိုထားတာပါ။

နိုင်ငံခြားသား ခရီးသည်တွေကတော့ ကိုဗစ်အပါအဝင် ကျန်းမာရေးကိစ္စတွေ ဖြစ်လာရင် ကိုယ့်စရိတ်နဲ့ကိုယ် ကျခံရမှာဖြစ်ပြီး အဲဒီလိုမှမဟုတ်ရင် မြန်မာ့အာမခံလုပ်ငန်းရဲ့ ကျန်းမာရေးအာမခံ ဝယ်ယူနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

ဒါပေမဲ့ ပြည်တွင်းက ပဋိပက္ခနဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် မြန်မာနိုင်ငံကို လာရောက်ချင်သူ မရှိနိုင်ဘူးလို့ တရုတ်ဧည့်လမ်းညွန်ဟောင်း တစ်ဦးက ပြောပါတယ်။

"အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်ပြန်စစ်မယ်လို့တော့ ပြောသံမကြားမိဘူး။ ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့ရတာတော့ ခရီးသွားမဝင်သလောက်ပါပဲ။ ကျွန်တော်တို့ ခရီးသွားကုမ္ပဏီတို့ ခရီးသွားပက်ကေ့ချ်တို့နဲ့ ချိတ်ဆက်လာတာတော့ မရှိသလောက်ပါပဲ"

အာဏာသိမ်းပြီးနောက်မှာ ခရီးသွားဝင်ရောက်မှု လျော့နည်းသွားပေမယ့် ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံဒေသတွင်း နိုင်ငံက ခရီးသွားတွေ ပိုဝင်ရောက်လာအောင် ကြိုးစားရမယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်က ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်မှာ ပြောခဲ့ဖူးပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီက ရုရှားနိုင်ငံသား ခရီးသွားတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ ဗီဇာကင်းလွတ်ခွင့် တစ်လပေးထားသလို တရုတ်နဲ့ အိန္ဒိယ ခရီးသွားတွေကိုလည်း ဆိုက်ရောက်ဗီဇာနဲ့ တစ်လနေထိုင်ခွင့်ပေးတယ်လို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။