ကမ္ဘာလှည့်ခရီးသည်တွေကို လုံခြုံရေးအရ ကန့်သတ်ထား တဲ့နေရာတွေ သွားခွင့်ပြုမှာမဟုတ်
2016.12.25

မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ကန့်သတ်ထားတဲ့ဒေသတွေကို ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်ဖို့ ခွင့်ပြုမိန့်တင်ပြတာတွေ လက်ခံတော့မှာ မဟုတ်ကြောင်း ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အရင်က စိစစ်ပြီး ခွင့်ပြုတာတွေ ရှိခဲ့ပေမယ့် လုံခြုံရေးအရ ကန့်သတ်ထားတဲ့နေရာတွေကို ပြည်ပ ခရီးသွားတွေကို သွားရောက်ခွင့်ပြုလိုက်လို့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာရင် နိုင်ငံ့ပုံရိပ်ကို ထိခိုက်နိုင်တဲ့အတွက် ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဦးမြင့်ထွေး က ပြောပါတယ်။
"ကန့်သတ်တဲ့ဧရိယာတွေကို သွားရောက်လို့ဖြစ်ပေါ်လာမယ့် အခြေအနေနဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍအနေနဲ့ ဆိုးကျိုးနဲ့ကောင်းကျိုးကို ကြည့်ပါတယ်၊ ကြည့်တဲ့အခါမှာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်နိုင်မယ့် အခြေအနေမျိုးတွေ ကိုဦးစားပေးစဉ်းစားရပါတယ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်နေတယ်ဆိုပေမယ့်လည်း နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက်နိုင်တဲ့ဟာမျိုးဆိုရင် နိုင်ငံပုံရိပ်မထိခိုက်အောင် ဦးစားပေးရမှာဖြစ်ပါတယ်"
ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်တွေ သွားလာခွင့်မရှိတဲ့နေရာတွေအဖြစ် ကန့်သတ်ထားတဲ့နေရာတွေက မြို့ပြင်တွေဖြစ်ပါတယ်။ အခုလိုအချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေ ကြောင့် လိုအပ်ရင် မြို့တွင်းတွေကိုပါ သွားလာခွင့်တားမြစ်တာတွေ ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။ ကန့်သတ်နယ်မြေတွေကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးတို့က သတ်မှတ်တာဖြစ်ပြီး လိုအပ်သလို ညွှန်ကြားချက်တွေ ထုတ်ပြန်ကြေညာတာလည်း ရှိနိုင်တယ်လို့ သိရပါတယ်။
ကန့်သတ်နယ်မြေကိုသွားရောက်မယ့် ခရီးစဉ်တွေကို အရင်က သွားလာခွင့်ရဖို့ အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံ တင်ပြလာရင် နိုင်ငံတော်သမ္မတရုံးထံတင်ပြပြီး စိစစ်ခွင့်ပြုပေး ခဲ့ပါတယ်။ အခုအခါမှာ နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုမိန့်တင်တာကိုလည်း လက်ခံတော့မှာ မဟုတ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
ခရီးသွားကုမ္ပဏီတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တို့က ထုတ်ပြန်ထားတဲ့ လုံခြုံရေးအရ ကန့်သတ်ထားတဲ့ ဒေသတွေကို သွားရောက်မယ့် ခရီးစဉ်တွေကို သွားရောက်ခွင့် တင်ပြခြင်းမပြုဖို့၊ ယခုလ ၂၀ ရက်နေ့ မတိုင်ခင်က ခွင့်ပြုထားတဲ့ ကန့်သတ်ဒေသ တွေကို သွားရောက်မယ့် ခရီးစဉ်တွေကိုလည်း ပယ်ဖျက်ဖို့နဲ့ လုံခြုံရေးအရကန့်သတ်ထားတဲ့ ဒေသတွေကို လက်ရှိသွားရောက်လည်ပတ်နေရင်လည်း ခရီးစဉ်ကိုအမြန်ရပ်ဆိုင်းပေးဖို့ ထုတ်ပြန်ချက် မှာပါရှိပါတယ်။