တိုတယ်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်တော့မည်

မြန်မာနိုင်ငံမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး စီမံကိန်းတွေ လုပ်ကိုင်နေတဲ့ ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီ (TOTALENERGIES EP MYANMAR) ဟာ ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေးစီမံကိန်းမှာ ပါဝင်တဲ့ ကုမ္ပဏီလုပ်ငန်းတွေကို ရပ်တန့်ပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ့်အကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့က တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း တိုတယ်ကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချပြီး၊ မြန်မာနဲ့ထိုင်းပြည်သူတွေရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် အရေးကြီးတဲ့ ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကလွဲလို့ မြန်မာနိုင်ငံက ကျန်တဲ့ စီမံကိန်း အားလုံးကို ရပ်ထားဖို့၊ တိုတယ်ကုမ္ပဏီဝန်ထမ်းတွေကို အတင်းအဓမ္မ အလုပ်စေခိုင်းတာ၊ တရားစွဲဆို အရေးယူတာတွေ မခံရအောင် အကာအကွယ်ပေးဖို့နဲ့၊ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရရှိနေတဲ့ ဝင်ငွေတွေကို ဖြစ်နိုင်မယ်ဆိုရင် ဥပဒေအရရော လက်တွေ့ပိုင်းအရပါ ထိန်းချုပ်သွားဖို့ ဦးတည်လုပ်ဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ကုမ္ပဏီရဲ့လုပ်ဆောင်ချက်တွေဟာ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းကနေ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ရရှိနေတဲ့ဝင်ငွေတွေကို ရပ်တန့်ဖို့ ကုမ္ပဏီရှယ်ယာရှင်တွေ၊ မြန်မာနဲ့နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေအတိုင်း မပြည့်မီခဲ့ကြောင်း၊ အထူးသဖြင့် သဘာဝဓာတ်ငွေ့ ရောင်းချမှုအတွက် ငွေပေးချေမှုအားလုံးကို ဓာတ်ငွေ့ ဝယ်ယူတဲ့ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက တိုက်ရိုက်ပေးချေတာ ဖြစ်တဲ့အတွက် တိုတယ်ကုမ္ပဏီအနေနဲ့ တားဆီးဖို့ မဖြစ်နိုင်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကုမ္ပဏီအနေနဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုတွေကို မရပ်တန့်ဘဲ စီမံကိန်းအစုဝင်တွေက ပေးချေတဲ့ဓာတ်ငွေ့ရောင်းရငွေတွေကို ယာယီဘဏ်အကောင့်တွေမှာ ထိန်းသိမ်းပြီး ကန့်သတ်ထားဖို့အတွက် စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူတဲ့နည်းလမ်းကို စဉ်းစားဖို့ ပြင်သစ်အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့်၊ ဒီလို လုပ်နိုင်မယ့်နည်းလမ်း မတွေ့ရဘူးလို့လည်း ကုမ္ပဏီရဲ့ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တိုတယ်ကုမ္ပဏီရဲ့လုပ်ငန်းတွေဟာ မြန်မာနိုင်ငံအတွက် လုံလောက်တဲ့ အကျိုးပြုမှု မရှိတော့တဲ့အတွက် ရတနာ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေးစီမံကိန်းနဲ့ မုတ္တမ သဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) တို့ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
Total ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်အပြီးမှာပဲ ရတနာ ဓာတ်ငွေ့စီမံကိန်းမှာ ပူးတွဲလုပ်ကိုင်နေတဲ့ အမေရိကန် Chevron ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူကလည်း “လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မြန်မာနိုင်ငံကနေ အစီအစဉ်တကျ ပြန်လည်ထွက်ခွာနိုင်ဖို့အတွက် ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်နေပါတယ်" လို့ အမေရိကန် အခြေစိုက် CNBC သတင်းဌာနကို ပြောကြားလိုက်ပါတယ်။
ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီကလည်း ပြင်သစ် Total ကုမ္ပဏီဟာ ရတနာ ဓာတ်ငွေ့စီမံကိန်း နဲ့ ဒီစီမံကိန်းက ထုတ်လုပ်တဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့ ပို့ဆောင်ပေးနေတဲ့ မုတ္တမ သဘာဝဓာတ်ငွေ့ပို့ဆောင်ရေး ကုမ္ပဏီ (MGTC) တွေကနေ နှုတ်ထွက်တော့မယ့်အကြောင်း မိမိတို့ကို အကြောင်းကြားလာခဲ့ကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
တိုတယ်ကုမ္ပဏီ ဟာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို နောက် ၆ လ အထိ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ ရတနာစီမံကိန်းကနေ ထုတ်လုပ်တဲ့ သဘာဝဓာတ်ငွေ့တွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ အနောက်ခြမ်းက ပြည်သူတွေရဲ့ စွမ်းအင်လိုအပ်ချက်အတွက် အလွန်အရေးကြီးတဲ့အတွက် PTTEP ကုမ္ပဏီအနေနဲ့ ရတနာဓာတ်ငွေ့စီမံကိန်း ဆက်လက်လည်ပတ်နိုင်ဖို့ ဖြစ်နိုင်ခြေတွေကို စဉ်းစားသုံးသပ်နေတယ်လို့လည်း ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အတွင်းမှာ တည်ရှိတဲ့ ရတနာသဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းစီမံကိန်းက ထွက်လာတဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့ တင်ပို့မှုအတွက် တာဝန်ယူထားတဲ့ မုတ္တမ သဘာဝဓာတ်ငွေ့ ပို့ဆောင်ရေးကုမ္ပဏီ (MGTC) တို့ကို ပြင်သစ် Total ကုမ္ပဏီပိုင် TotalEnergies EP Myanmar က ၃၁ ရာခိုင်နှုန်း၊ အမေရိကန် Cheveron ကုမ္ပဏီ ပိုင် UNOCAL Myanmar ကမ်းဝေးတူးဖော်ရေးကုမ္ပဏီ (UMOCL) က ၂၈ ရာခိုင်နှုန်း၊ ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီ လက်အောက်ခံ PTTEP ကုမ္ပဏီ က ၂၅ ရာခိုင်နှုန်းနဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုနဲ့ လုပ်ကိုင်နေတာဖြစ်ပါတယ်။
ရတနာ သဘာဝဓာတ်ငွေ့တူးဖော်ရေ စီမံကိန်းကနေ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗပေ ၆ ဘီလျံနီးပါး ထုတ်လုပ်နေတာဖြစ်ပြီး၊ ဒီအထဲက ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံမှာ အသုံးပြုဖို့ အတွက် ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီကို ရောင်းချပြီး၊ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းအသုံးပြုဖို့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပေးအပ်နေတာ ဖြစ်တယ်လို့ Total ကုမ္ပဏီရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
ရတနာ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းကနေ ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေဟာ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုရဲ့ ၈ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေပြီး၊ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အား အသုံးပြုမှု ထက်ဝက်လောက်ကို ဖြည့်ဆည်းပေးနေတာဖြစ်တယ်လို့ ၂၀၂၁ ဧပြီလထုတ် နယူးယောက်တိုင်း သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။