တိုက်ပွဲကြောင့် လူနှစ်ထောင်ကျော် ထွက်ပြေးနေရကြောင်း ပလောင် အဖွဲ့တွေပြောကြား
2015.02.04

မိုးကုတ် နဲ့ မိုးမိတ်မြို့နယ်အစပ်မှာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြသလို တောတွေထဲ မှာ နေထိုင်သူတွေလည်းရှိတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းက ဒီဒီပို့ကျိန်းက ပြောပါတယ်။
"ရဟတ်ယာဉ်တွေ ၃ စင်းတောင်လာချတာဆိုတော့ အဲ့ဒီရဟတ်ယာဉ်တွေက ကျမတို့ ခေါင်းပေါ်မှာပျံနေ တဲ့ဟာတွေလဲ ကျမတို့တွေ့ရတယ်၊ အခုတော်တော် များများ မိုးကုတ် မြို့နယ်ဘုန်းကြီးကျောင်းမှာ လာ စုနေတဲ့အပိုင်းတွေလဲရှိတယ်၊ လမ်းမှာသွားလာနေ တုန်း၊ ပြေးလွှားနေတုန်း အဲ့လိုလူတွေလဲ ရှိတာပေါ့နော်"
တိုက်ပွဲတွေကြောင့် လွယ်ဆာ၊ ရွှေသာယာ၊ ဆိုင်းလိန်၊ သံထီးလာ၊ လွယ်ဝန်း စတဲ့ ကျေးရွာ ၅ ရွာက ဒေသခံတွေဟာ မိုးကုတ်နဲ့ မိုးမိတ်မြို့အစပ်က တောတွေ ထဲမှာ ပုန်းနေကြတာဖြစ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
အဲ့ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တပ်မတော်က သတင်းထုတ်ပြန်ရာမှာ မိုးကုတ်- မိုးမိတ် ကားလမ်းအနီးက ဒေသခံတွေ ကို TNLA က ဖမ်းဆီးခေါ်ဆောင် တာတွေ၊ ဆက်ကြေး ကောက်တာတွေ ပြုလုပ်နေတာကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားတာလို့ ထုတ်ပြန်ထားပါတယ်။