မဲဆန္ဒရှင်တွေရဲ့ စည်းကမ်းရှိ မှု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ချီးကျူး
2016.02.17

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကို အံ့သြလေးစားခဲ့ရပြီး မဲဆန္ဒရှင်တွေရဲ့ စည်းကမ်း ရှိမှုကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ပြီးဆုံးခဲ့တာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ "ရွေးကောက်ပွဲမှ ရရှိလာသော ဒီမိုကရေစီ အကျင့်ကောင်းများ" အလုပ်ရုံဆွေးနွေးပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက အခုလို ပြောတာဖြစ်ပါတယ်။
"ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများဟာ အံ့သြလေးစားစရာဖြစ်ခဲ့ပြီး ကျနော့်အနေနဲ့ အများကြီးပဲ ကျေးဇူးတင်ဖြစ်မိပါတယ်၊ ပြည်သူတွေရဲ့ စည်းကမ်းရှိရှိ ပူးပေါင်းဆောင်ရွက်ခဲ့ကြ လို့လည်း ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်"
ဒါ့အပြင် ပြီးခဲ့တဲ့ရွေးကောက်ပွဲ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ရာမှာ နည်းပညာလိုအပ်ချက်တွေရှိခဲ့တာ ကို တွေ့ရှိရကြောင်းနဲ့ နည်းပညာကျွမ်းကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပိုပြီးလိုအပ်ကြောင်းလည်း ဦးတင်အေးက ပြောပါတယ်။
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ ရွေးကောက်ပွဲတွေဖြစ်ဖို့ ကဏ္ဍအသီးသီးက အကြံပြုချက်တွေ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။
အဲဒီအလုပ်ရုံဆွေးနွေးပွဲကို Action Aid Myanmar ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မဇ္ဈိမသတင်းမီဒီယာ တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး နိုင်ငံရေးပါတီတွေ၊ လှုမှုအဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက လူဦးရေ ၆၀ နီးပါးက ကြိုတင်မဲပေးတဲ့လုပ်ငန်းစဉ်၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းစဉ်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းစဉ် အပါအဝင် ခေါင်းစဉ် ၇ ခုကို ဆွေးနွေးခဲ့ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဇာဏီထွဏ်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။