သစ်ထုတ်လုပ်ရေးကုမ္ပဏီ လစာမပေးနိုင်လို့ အလုပ်သမားများ မကျေနပ်
2012.09.19
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့မှာ သစ်မာထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ Asia Green ကုမ္ပဏီက အမြဲတမ်းဝန်ထမ်း ၂၀ ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး ရရှိသင့်တဲ့ လစာငွေများ မရ ဖြစ်နေတယ်လို့ RFA ကိုပြောပါတယ်။
အလုပ်သမား လစာငွေများမှာ အများဆုံးရရှိသူ ကျပ်တစ်သိန်းခွဲမှ အနိမ့်ဆုံး နှစ်သောင်း ရရှိကြတာ ဖြစ်ပါတယ်။ အလုပ်သမား တစ်ဦးက အခုလိုပြောပါတယ်။
"ကုမ္ပဏီမှာလည်း အကြွေးတွေက ရာစရာတွေလည်း ရှိတယ်ခင်ဗျ။ အဲဒီ အကြွေးတွေကို ကျွန်တော်တို့ကို လိုက်တောင်းခိုင်းတယ်။ အဲဒီအကြွေးရလို့ရှိရင်တော့ လမ်းစရိတ်၊ လစာ အဲဒီလိုမျိုးတော့ ပြန်ပေးတယ်ခင်ဗျ။ အခုက အဲဒီအကြွေးတွေကလည်း တောင်းလို့မရတော့ သူတို့လည်း မပေးနိုင်သေးဘူးဆိုပြီး မပေးသေးဘူးခင်ဗျ။ ကျွန်တော်တို့ ဒေသ တာဝန်ခံတွေ ရှိတယ်ခင်ဗျ။ ဒေသ တာဝန်ခံတွေက အကြွေးတောင်းမဲ့ အဖွဲ့တွေဖွဲ့ပြီး အကြွေးလိုက်တောင်းခိုင်းတယ်။ အဲဒီအကြွေးရမှ လစာရမယ်"
အခုလို အလုပ်သမားများ လစာမရရှိသေးတဲ့အကြောင်း ကုမ္ပဏီက ရရှိသင့်တဲ့ အကြွေးများရပြီးမှ လစာငွေပေးမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Asia Green က တာဝန်ခံ မန်နေဂျာ ဦးအောင်ကျော်ငြိမ်းကို မေးတဲ့အခါ လစာငွေများ ထုတ်မပေးနိုင်တာ မှန်ကန်ကြောင်း ပြောပါတယ်။
"ဟုတ်ပါတယ်။ အဲတာ မရသေးတာတော့ မှန်ပါတယ်။ အကြွေးတောင်းပြီးမှ လစာပေးမယ်ဆိုတဲ့ ပုံစံမျိုးကတော့ မဟုတ်ပါဘူး။ လောလောဆယ် ကုမ္ပဏီမှာလည်း ငွေရေး ကြေးရေးကိစ္စတွေ ဘာတွေ သူတို့ အစိုးရဋ္ဌာနနဲ့ ဆောင်ရွက်ဆဲကာလမို့ အဲဒီကိစ္စလေး နည်းနည်း နှောင့်နှေးနေတာပါ။ အခု ကျွန်တော်တို့ဆီက ဘဏ္ဍာရေးအဖွဲ့တွေ ရန်ကုန်သွားပြီး အဲဒီကိစ္စတွေ သွားလုပ်နေပါတယ်ခင်ဗျ"
ဦးအောင်ကျော်ငြိမ်း အဆိုအရ လာမဲ့ တစ်ရက် နှစ်ရက်အတွင်း လစာငွေများရရှိအောင် ဆောင်ရွက် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်လို့ ပြောပါတယ်။
အလုပ်သမားများဘက်ကတော့ တာဝန်ခံတွေရဲ့ ဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေများကို စောင့်နေကြပြီး ပြဿနာများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်း မရှိပါက အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂ ILO အထိ တိုင်တန်းဖို့ စီစဉ်နေတယ်လို့ RFA ကိုပြောဆိုပါတယ်။