ဝန်ကြီးသူရဦးအောင်ကို နုတ် ထွက်ပေးဖို့ တောင်းဆို


2017.05.20
thura-aungko-protest-npt-620.jpg နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဘောလုံးကွင်းမှာ မေလ ၂ဝ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နုတ် ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြကြစဉ်
Photo: Win Ko Ko Latt/RFA

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နုတ်ထွက်ပေးဖို့ မြန်မာဗုဒ္ဓဘာသာ နိုးကြားရေးအသင်း (ရန်ကုန်) က ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် လူ(၃ဝဝ) လောက်က တောင်းဆိုလိုက်ပါတယ်။

နေပြည်တော် ဥတ္တရသီရိမြို့နယ်က ဘောလုံးကွင်းမှာ ဒီကနေ့မနက်က ဟောပြောပွဲတွေ ကျင်းပပြီး အချက် ၇ ချက်ကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ သူတို့ တောင်းဆိုချက်တွေကို တစ်လအတွင်း မလိုက်လျောဘူးဆိုရင် လူအင်အားထပ်တိုးပြီး ရန်ကုန်မြို့မှာ ဆန္ဒပြမယ်လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးတင့်လွင်က ပြောပါတယ်။

"ဒီထက်တောင့်တင်းတဲ့ အင်အားနဲ့ ထပ်လုပ်ဦးမယ်၊ နေပြည်တော်မှာတော့ လာမလုပ်တော့ဘူး၊ ရန်ကုန်က မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံရှေ့ မှာ ပြင်းပြင်းထန်ထန် ထပ်လုပ်မယ်"

ဝန်ကြီးသူရ ဦးအောင်ကို နုတ်ထွက်ပေးရေးအပြင် အမျိုသားရေးလှုပ်ရှားသူ ဦးဝင်းကိုကိုလတ် အပါအဝင် ဖမ်းဆီးခံထားရသူ ၄ ဦး လွှတ်ပေးရေး၊ တရားဟောခွင့် အပိတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူကို တရားဟောခွင့်ပြန်လည်ခွင့်ပြုရေး စတဲ့ အချက် ၇ ချက်ကို တောင်းဆိုတာဖြစ်ပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ရမည်းသင်း၊ မိတ္ထီလာ၊ ပခုက္ကူ၊ ပျော်ဘွယ် အစရှိတဲ့ မြို့တွေက ယာဉ်အစီးရေ ၂ဝဝ ကျော်နဲ့ သံဃာတော်တွေအပါအဝင် လူပုဂ္ဂိုလ် နှစ်ထောင်ကျော် လာရောက်ခဲ့တာပါ။

မူလက ဆန္ဒပြပွဲကိုလူ သုံးသောင်းလျှောက်ထားခဲ့ပေမယ့် နေရာအခြေအနေကြောင့် သက်ဆိုင်ရာက လူ ၃ဝဝ သာ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ သံဃာတော်တစ်ပါးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ၊ ဦးအေးမင်းထွန်း၊ ဦးအေးပိုင်တို့က ဟောပြောခဲ့ပါတယ်။

နေပြည်တော်တိုင်း အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကတော့ ဒီဆန္ဒပြပွဲဟာ သူတို့အဖွဲ့နဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ထားသလို တည်းခိုနေထိုင်ခွင့် မပြုဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။