ဆန္ဒပြပွဲွ မဘသနဲ့ မသက်ဆိုင်


2017.05.19
aungko-protest-620.jpg နေပြည်တော်မှာလုပ်မယ့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို ကန့်ကွက်ရှုတ်ချပွဲ သွားမယ့်သူတွေကို မေလ ၁၉ ရက်နေ့က ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးပေါ်မှာ တွေ့ရစဉ်
Photo: Thant Zin Oo/RFA

သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင်ကို ကိုဆန္ဒပြမယ့်အစီအစဉ်ဟာ အမျိုးဘာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ)နဲ့ မသက်ဆိုင်ကြောင်း နေပြည်တော်တိုင်း မဘသအဖွဲ့ က ကြေညာချက် ထုတ်ပြန်လိုက်သလို မဘသဗဟိုကလည်း ဒီကိစ္စဟာ မဘသနဲ့ မသက်ဆိုင်ကြောင်း ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

အဲဒီဆန္ဒပြပွဲကို မဘသက ဦးဆောင်တာမဟုတ်ကြောင်းနဲ့ တခြားအမျိုးသားရေးကွန်ရက်တွေက လုပ်တာ သာဖြစ်ကြောင်း အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဦးဆောင်ဆရာတော် ဒေါက်တာ ဦးတေဇနိ ယ က မိန့်ပါတယ်။

"ထုတ်တာက နေပြည်တော် မဘသ က ထုတ်တာ၊ ဒါပေမဲ့ တစ်ခုပြောလို့ရတာ က ဦးဇင်းတို့ မဘသ က ဦးဆောင်တာလည်း မဟုတ်ဘူး၊ မဘသက လုပ်တာလည်း မဟုတ်ဘူးပေါ့၊ တခြား သူတို့ဘာသာ သူတို့ အမျိုးသားရေးကွန်ရက်တွေ ဘာတွေ စသည့်အားဖြင့် သူတို့ ဘာသာသူတို့လုပ်တာနော်၊ ဦးဇင်းတို့ မဘသနဲ့လည်း မသက်ဆိုင်ဘူး၊ မဘသက ဦးစီးပြီးတော့ လုပ်တာလည်း မဟုတ်ဘူး။"

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကန့်ကွက်ရှုတ်ချပွဲကို မနက်ဖြန် မေလ ၂ဝ ရက်နေ့မှာ နေပြည်တော် ဥတ္တရသီရိမြို့နယ်က ရွှေနံသာကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲအတွက် နေပြည်တော်တိုင်းနဲ့ မြို့နယ် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က လူအင်အား ၊ ငွေအင်အား လုံးဝကူညီမှာမဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဆန္ဒပြမယ့်အဖွဲ့တွေက နေပြည်တော်ကောင်စီနယ်မြေအတွင်းက ဘုန်းကြီးကျောင်းတွေမှာ တည်းခိုမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး အဲဒီကျောင်းတိုက်တွေက ဆရာတော်တွေကိုယ်တိုင် မသိရှိသလို သဘောတူခွင့်ပြုထားတာတွေ မရှိဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

အဲဒီပွဲမှာ ပူးပေါင်းပါဝင်မယ့် ရန်ကုန်တိုင်း မျိုးချစ်အဖွဲ့ဝင်တွေဟာ ဒီကနေ့မနက်က မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမကြီးပေါ်စုရပ်ကနေ ပဲခူးတိုင်း၊ ဘုရားကြီးကုန်းစုရပ်ဆီကို ထွက်ခွာသွားခဲ့ပြီး အဲဒီကနေတဆင့် နေပြည်တော် ကို သွားရောက်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။