ထားဝယ်တက္ကသိုလ် သမဂ္ဂဝင်တစ်ဦးနဲ့ ကျောင်သူဟောင်းနှစ်ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ

2021.12.31
ထားဝယ်တက္ကသိုလ် သမဂ္ဂဝင်တစ်ဦးနဲ့ ကျောင်သူဟောင်းနှစ်ဦး ထောင်နှစ်နှစ်စီ ချမှတ်ခံရ
ဓာတ်ပုံ - ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ - ဖေ့စ်ဘွတ်

ဒီဇင်ဘာလ ၃၀ ရက် မနေ့က တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ထောင်တွင်းတရားရုံးကနေ တက္ကသိုလ် သမဂ္ဂ အဖွဲ့ဝင် တစ်ဦးနဲ့ ကျောင်းသူဟောင်း နှစ်ဦး စုစုပေါင်း သုံးဦးကို ထောင် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုးပြည့်အောင်နဲ့ ကျောင်းသူဟောင်း နှစ်ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်တာလို့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြု ပြောဆိုပါတယ်။

"မနေ့က အမိန့်ချတာက ကျောင်းသားသမဂ္ဂဝင်က တစ်ဦးပဲ သတင်းနဲ့ပြန်ကြားရေးက ကိုစိုးပြည့်အောင် ကျန်တဲ့ နှစ်ယောက်ကတော့ ကျောင်းသူဟောင်းတွေ"

ကျောင်းသူဟောင်းနှစ်ဦးက မစိုးမီမီကျော်နဲ့ မသျှားပြည့်ခင် တို့ဖြစ်ပြီး ပုဒ်မ - ၅၀၅ (ဂ)နဲ့ အမိန့်ချခဲ့တာလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံ ရာဇသတ်ကြီး ဥပဒေမှာ ပုဒ်မ - ၅၀၅ (ဂ) ကို လူအချင်းချင်းဖြစ်စေ၊ လူမျိုးစုအချင်းချင်းဖြစ်စေ၊ တစ်ဘက်နဲ့တစ်ဘက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်မှုလို့ ဖော်ပြထားပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်အထိ ကျခံစေနိုင်ကြောင်း ဖော်ပြထားပါတယ်။

အခုထောင်ချခံရတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးမှာသာ ပါဝင်ခဲ့ပြီး ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ ပြဿနာဖြစ်အောင် လှုံ့ဆော်ခဲ့တာ မရှိဘူးလို့ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ကလည်း ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ မသီရိမိုးရဲ့ မိခင် ဒေါ်သက်သက်ထွေးကို စစ်ကောင်စီတရားရုံးက ထောင်ဒဏ် နှစ်နှစ် ချမှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။