သတ္တုတွင်း ဝန်ကြီးဋ္ဌာနနှင့် The Voice ဂျာနယ်အမှု စက်တင်ဘာ ၆ ရက် အပြီးသတ် စီရင်ချက်ချမည်
2012.08.23

"တရားလို အကျိုးဆောင်ကလည်း တင်သင့်တယ်ဆိုတဲ့အကြောင်း လျှောက်ထားတယ်ပေါ့။ ဒီဘက်က ကျွန်တော့် အကျိုးဆောင်ကလည်း ဒါစွဲချက်မမြောက်ဘူး ဆိုတဲ့အကြောင်း၊ မတင်သင့်ဘူး ဆိုတဲ့အကြောင်း နှစ်ဖက် လျှောက်ထားကျတာပေါ့။ လျှောက်လဲချက် ပေးတာပေါ့၊ အဲဒီ ပြန်လည် လျှောက်ထားတဲ့ဟာကို တရားသူကြီးက လက်ခံနားထောင်တယ်။ နားထောင်ပြီးတော့မှ သူက ဒါတွေကို သူက ပြန်ပြီးတော့သုံးသပ် စိစစ်ပြီးတော့မှ စက်တင်ဘာ ၆ရက်နေ့မှာ အဓိက ဆုံးဖြတ်မှာပေါ့။ ဒီဟာကို စွဲချက်တင်သင့် မတင်သင့်ပေါ့"
သတင်းရင်းမြစ်ရယူတဲ့ နေရာက ပြည်သူ့လွှတ်တော် ဖြစ်နေတဲ့အတွက် တကယ်တမ်း ဥပဒေကြောင်းက ကြည့်ရင် အဖြေရှိပြီးသားပါလို့ ကိုကျော်မင်းဆွေက ဆက်လက်ပြောပါတယ်။
"ကျွန်တော်တို့ရတဲ့ သတင်းရင်းမြစ်က လွှတ်တော်ရဲ့ သတင်းရင်းမြစ်ဖြစ်နေတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေဆီက ဖြစ်နေတယ်။ သတင်းအကြောင်းအရာကလည်း စာရင်းချုပ်ရုံးက ဝန်ကြီးဋ္ဌာနတချို့ရဲ့ ငွေစာရင်းမမှန်မကန် ဖော်ပြမှုတို့ ငွေကြေး အလွှဲသုံးစားမှုတွေကို သူက စစ်ဆေးပြီးတော့ ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီကို တင်ထားတဲ့ကိစ္စ။ ကျွန်တော်တို့ဘက်ကတော့ ရိုးရိုးစဉ်းစားပြီး လုပ်ထားတဲ့ကိစ္စပေါ့။ တဘက်ကတော့ အဲလိုမဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်ဆိုလို့ရှိရင် ဥပဒေကြောင်းအရသာ ဆုံးဖြတ်လို့ရှိရင် ဒီကိစ္စဟာ စွဲချက်တင်သင့်လား မတင်သင့်လားဆိုတာ အစကတည်းက ထွက်နေတဲ့ အဖြေပေါ့"
ဒီကနေ့ ရုံးချိန်းဟာ ၁၂ ကြိမ်မြောက် ရုံးချိန်းဖြစ်ပြီး အဲဒီရုံးချိန်းကို ပြည်တွင်း ပြည်ပ မီဒီယာ ၅၀ နီးပါးက press freedom စာတမ်းပါ ဦးထုပ်တွေ ဆောင်းပြီး လာရောက် သတင်းယူခဲ့ကြပါတယ်။
ဒီနှစ်ပိုင်းအတွင်းက မတ်လ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်စာစောင်မှာ အစိုးရ ဝန်ကြီးဌာနတချို့၏ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ ဆိုတဲ့သတင်းကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး သတ္တုတွင်း ဝန်ကြီးဌာနက မဟုတ်မမှန် စွပ်စွဲရေးသားချက် ဆိုပြီး ထုတ်ဝေသူ အယ်ဒီတာချုပ်နှင့် သတင်းရေးသားသူတွေကို အရေးယူဖို့ ဒဂုံမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။