စစ်ကောင်စီက ကန္တာရဝတီတိုင်း(မ်)ဂျာနယ်ကို ထုတ်ဝေခွင့်ပိတ်
ကယားပြည်နယ်အခြေစိုက်၊ ကန္တာရဝတီတိုင်း(မ်) ဂျာနယ်ကို ဩဂုတ်လ ၂၉ ရက်ကစလို့ ထုတ်ဝေခွင့် ပိတ်လိုက်တယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဋ္ဌာနက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) ဂျာနယ်ဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ - ၈၊ အပိုဒ်ခွဲ (ခ) ပါ စည်းကမ်းကို မလိုက်နာဘဲ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမယ့် အကြောင်းအရာတွေကို ထုတ်လွင့်ခဲ့တဲ့အတွက် အခုလို ပိတ်သိမ်းတာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုပိတ်သိမ်းတာနဲ့ ပတ်သက်လို့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနကတော့ သူတို့အနေနဲ့ သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ ကယားပြည်နယ် (ကရင်နီပြည်) အတွင်းက ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ရေးသားခဲ့သလို လက်ရှိလည်း ရေးသားနေဆဲပဲလို့ စက်တင်ဘာ ၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ဒီအပြင် ကန္တာရဝတီတိုင်း(မ်)ရဲ့ ထုတ်ဝေခွင့်လိုင်စင်ဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ကတည်းက ကုန်ဆုံးပြီးသားဖြစ်သလို သက်တမ်းလည်း ထပ်မတိုးခဲ့ဘူးလို့ ဆိုပါတယ်။
၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ကန္တာရဝတီတိုင်း(မ်) ဟာ ၂၀၁၂ ခုနှစ်မှာ ကယားပြည်နယ်အတွင်း အခြေစိုက်ခဲ့ပြီး၂၀၁၃ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ သတင်း ဂျာနယ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေ ဖြစ်တဲ့ Facebook၊ Website၊ YouTube တွေကတစ်ဆင့် ဒေသတွင်း သတင်းတွေကို ထုတ်လုပ်ရေးသားနေတာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းသတင်းဌာနတွေ ဖြစ်တဲ့ Myanmar Now ၊ DVB ၊ ခေတ်သစ်မီဒီယာ၊ Mizzima၊ 7 Day၊ ရှမ်းပြည်အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ၊ ကချင်ပြည်အခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်နဲ့ The 74 Media တွေကို စစ်ကောင်စီ က ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပါတယ်။ လက်ရှိ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနကို ထပ်မံ ပိတ်သိမ်းလိုက်တာကြောင့် စုစုပေါင်းပိတ်သိမ်းခံရတဲ့ သတင်းဌာန ကိုးခုအထိ ရှိလာပါပြီ။
ဒီအပြင် စာပေတိုက် လေးခုနဲ့ ပုံနှိပ်တိုက် နှစ်ခု စုစုပေါင်း ခြောက်ခုကိုလည်း စစ်ကောင်စီ က ပိတ်သိမ်းခဲ့ပါတယ်။