ဗြိတိသျှကိုကိုမောင်ကို ရဲစခန်းက ထပ်မံဆင့်ခေါ်မှုကို ဖြေရှင်းမှာ မဟုတ်ကြောင်း ပြော
2017.06.25

ကျည်ထောင်စုသစ္စာ ဆောင်းပါးရေးသားတဲ့ ဗြိတိသျှကိုကိုမောင်ကို ဗဟန်းရဲစခန်းက ထပ်မံဆင့်ခေါ်တာနဲ့ ပတ်သက်ပြီး သွားရောက်ဖြေရှင်းမှာမဟုတ်ကြောင်း ဗြိတိသျှကိုကိုမောင်ရဲ့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့က The Voice ဂျာနယ် ရုံးခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဗြိတိသျှကိုကိုမောင်ကို ဇွန်လ ၂၃ ရက်နေ့မှာ ဗဟန်းရဲစခန်းက ထပ်မံဆင့်ခေါ် တာဟာ အမှုတစ်ခုကို ရုံးနှစ်ခုမှာ သွားရောက်အမှုဖွင့်ထားတာဖြစ်ပြီး ဖြစ်တဲ့အဖြစ်အပျက်လည်း တူညီတာကြောင့် သွားရောက်ဖြေရှင်းမှာ မဟုတ်ဘူးလို့ ပြောတာဖြစ်ပါတယ်။
The Voice သတင်းစာမှာ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် ရေးသားတဲ့ ကျည်ထောင်စု သစ္စာ ဆောင်းပါးကို ထည့်သွင်းဖော်ပြမှုကြောင့် ဇွန်လ ၂ရက်နေ့က အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ နဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင်တို့ ဖမ်းဆီးခံခဲ့ရပြီး ဗဟန်းတရားရုံးမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဆောင်းပါးရှင်ဟာ အမှုနဲ့ မသက်ဆိုင်သူအဖြစ်တရားရုံးက အမိန့်ချမှတ်လိုက်တာကြောင့် ပြန်လည် လွတ်မြောက်လာပြီး အခုအခါ ဗဟန်းရဲစခန်းက ထပ်မံဆင့်ခေါ်တာဖြစ်ပါတယ်။
အခုလိုဆင့်ခေါ်ခံရတာဟာ တပ်မတော်က ထပ်မံ အမှုဖွင့်တာမဟုတ်ဘဲ ဗဟန်းရဲစခန်း မှာ အမှုဖွင့်ခဲ့သလို ဗဟန်းတရားရုံးမှာ ဦးတိုက်လျှောက်ထားတဲ့ အမှုကို အခုချိန်မှာ ရဲစခန်းက ထပ်မံဆင့်ခေါ်တာဖြစ်တယ်လို့ သိရပါတယ်။
ကျည်ထောင်စု သစ္စာ ဆောင်းပါးရေးသားတဲ့ ဗြိတိသျှကိုကိုမောင်နဲ့ ဆောင်းပါးဖော်ပြခဲ့တဲ့ The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။
အဲဒီ အမှုနဲ့ ပတ်သက်ပြီး The Voice အယ်ဒီတာချုပ် ကိုကျော်မင်းဆွေကို လာမယ့် ၃၀ ရက်နေ့မှာ ထပ်မံရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။