The Interview ဇာတ်ကားခွေ ရန်ကုန်မှာ သိမ်း


2015.01.15

အမေရိကန် ဆိုနီရုပ်ရှင်ကုမ္ပဏီက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ကို သရော်လှောင်ပြောင် ရိုက်ကူးထား တဲ့ The Interview ဆိုတဲ့ ရုပ်ရှင်ကား ဇာတ်လမ်း ခွေတွေကို ရန်ကုန်မြို့မှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က လိုက်လံသိမ်း ဆည်းနေတာဟာ မြောက်ကိုရီးယားရဲ့ဖိအားကြောင့်ဖြစ်တယ်လို့ သတင်းမီဒီ ယာတွေက ပြောဆိုကြကြောင်း ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြောက်ကိုရီးယား သံအမတ်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုတွေ့ဆုံပြီး၊ ဒီဇာတ်လမ်းခွေတွေ မရောင်းချရေး သင့်တော်သလို ဆောင် ရွက်ပေးဖို့ တိုက်တွန်းခဲ့ပြီး၊ အဲ့ဒီဇာတ်လမ်းခွေတွေ ရရှိနိုင်တဲ့ဆိုင် အမည်စာရင်း ကိုပါပေးခဲ့တယ် လို့ဧရာဝတီသတင်းမဂ္ဂဇင်းက ဖေါ်ပြခဲ့ပါတယ်။

ရိုက်တာ ကိုလည်း ရန်ကုန်မြို့က ဆိုင်ကြီးတစ်ဆိုင်က သူတို့ဆိုင်ကို မြောက်ကိုရီးယား သံရုံးက အရာရှိတွေလာရောက် ခဲ့ကြ ပြီး၊ အဲ့ဒီဇာတ်လမ်းခွေ ရှိမ ရှိမေးမြန်းခဲ့ကြကြောင်း၊ ဒီအခွေတွေ့ခဲ့တဲ့ဆိုင်တွေကို ရဲတပ်ဖွဲ့ ကို အကြောင်းကြားခဲ့ တယ်လို့ ကြားသိရကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာ သတင်းက ဖေါ်ပြပါတယ်။

အဲ့ဒီဇာတ်လမ်းခွေ ဆက်ရောင်းနေရင် ဆိုင်ကို ပိတ်သိမ်းတဲ့အထိအရေးယူမယ်လို့ ရဲက သတိပေးခဲ့ကြောင်းလည်း သိရပါတယ်။

ဒါပေမဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့တော့ The Interview ဆိုတဲ့ ရုပ်ရှင်ကားကိုသာ ရှာဖွေ ဖမ်းဆီးတာမဟုတ်ဘဲ ၊ တရားမဝင် ဇာတ်လမ်းခွေတွေအားလုံးကို ဖမ်းဆီးတာဖြစ်တယ် လို့ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။