အကြမ်းဖက်မီးရှို့မှု ပါဝင်ခဲ့သူ တစ်သက်တစ်ကျွန်း စီရင်ခံရ
2014.09.27

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့ တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ ဆက်နွယ်ပြီး ဆင်ခေါင်း ရွာသား ကိုဇော်ဇော်ထွန်းကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီး ဆင်ခေါင်း၊ သပြုချိုင်နဲ့ ညောင်ခြေထောက်ကျေးရွာ က ဒေသခံ ၉ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီး ချမှတ်လိုက်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဝင်သွားမယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ခဲ့ တဲ့ ရှေ့နေဒေါ်နွဲ့နွဲ့ငြိမ်းက ပြောပါတယ်။
သံတွဲမြို့နယ် သပြုချိုင်ကျေးရွာမှာ ပြီးခဲ့တဲ့နှစ် အောက်တို ဘာလ ၁ ရက်နေ့က အိမ်ခြေ ၅၁ လုံး မီးရှို့ခံခဲ့ရကာ လူ ၅ ဦး သေဆုံးခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး သပြုချိုင်၊ ဆင်ခေါင်း ၊ ညောင်ခြေထောက်ကျေးရွာတွေက ဒေသခံ ၂၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီအထဲက ၁၃ ဦးကို အထောက်အထား မခိုင်လုံတဲ့အတွက် စွဲချက်မတင်မီ ပြီးခဲ့တဲ့လပိုင်းက တရားရှင်လွှတ်ပေးခဲ့ပြီး ကျန် ၁၀ ဦးကို အခု နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တာလို့ သိရပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန် အောက်တိုဘာလဆန်းပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် လူ ၇ ဦး သေဆုံးပြီး အိမ်ထောင်စုပေါင်း ၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။