သံတွဲမှာ ဒေသခံ တစ်ထောင်ကျော် မြို့ကိုစွန့်ခွာ
2024.05.23
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်တွေပွဲဟာ မြို့ပေါ်နဲ့ နီးကပ်လာသလို စစ်ကောင်စီတပ်ကလည်း မြို့ကို လျှပ်စစ်မီးဖြတ်တောက်ထားတာ တစ်ပတ်ခန့်ရှိလာတာကြောင့် မြို့ခံလူတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက မေလ ၂၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။
တိုက်ပွဲတွေဟာ မြို့နဲ့ ရှစ်မိုင်အကွာလောက်ထိ နီးကပ်လာတာကြောင့် ဒေသခံတွေ စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြတာလို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။
“အခုတိုက်ပွဲက မြို့နဲ့ ရှစ်မိုင်လောက်ပဲ ဝေးတော့တယ်လေ။ မြို့ပေါ်ကိုလည်း လျှစ်စစ်မီးဖြတ်ထားတာ ၆ ရက်ရှိပြီ။ လျှစ်စစ်မီးမရှိတော့ ရေကအစ အတော်အခက်အခဲဖြစ်တာပေါ့။ အရင်ကလည်း တိမ်းရှောင်ကြတာတော့ ရှိပါတယ်။ အခုရက်ပိုင်း တိုက်ပွဲလည်းမြို့နဲ့ ကပ်နေပြီးဆိုတော့ ပိုပြီးထွက်ပြေးလာတာပေါ့။ အရင်နဲ့ အခုပေါင်းရင် လူတစ်ထောင်ကျော် ရှိနိုင်ပါတယ်”
လက်ရှိမှာ လေယာဉ်လက်မှတ်ဈေးနဲ့ တခြားကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာလည်း ရန်ကုန်မြို့နဲ့ ပြည်မဘက်ကိုထွက်ခွာဖို့ ထောက်ခံစာယူတဲ့သူတွေ အများအပြား တန်းစီနေကြတယ်လို့ သူကဆိုပါတယ်။
မြို့ကိုစွန့်ခွာတဲ့သူအများစုဟာ ငွေကြေးတတ်နိုင်သူတွေဖြစ်ပြီး အခြေခံလူတန်းစားအများစုက မြို့မှာ ကျန်နေသေးတာကြောင့် မြို့ပေါ်အထိ တိုက်ပွဲတွေဖြစ်လာရင် ပိတ်မိနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့က အခြေအနေတွေနဲ့ပတ်သက် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ရက္ခိုင့်တပ်တော် (AA) ကတော့ သံတွဲဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို အထူးသတိထားကြဖို့၊ တိုက်ပွဲဧရိယာနဲ့ နီးစပ်တဲ့ ဒေသတွေမှာ ဗုံးခိုကျင်းတွေ ကြိုတင်တူးထားကြဖို့၊ တိုက်ပွဲအတွင်း ပိတ်မိမသွားအောင် လုံခြုံမဲ့ ဘေးလွှတ်ရာကို ပြောင်းရွှေ့ကြဖို့ဆိုပြီး မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။