သခင်ကိုယ်တော်မှိုင်းမွေးနေ့ပွဲ မှိုင်း ဂူဗိမာန်မှာ ကျင်းပ
2015.03.23

ဒီနေ့ကျရောက်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ၁၃၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနား ကို ရန်ကုန်မြို့ ကန်တော်မင်ပန်းခြံအနီးက ဆရာကြီးရဲ့ ဂူဗိမာန်မှာ မိသားစုဝင်တွေနဲ့ ဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ စာပေ ယဉ်ကျေးမှုပိုင်းမှာ ဂုဏ်သိက္ခာကြီးမားတဲ့ သခင် ကိုယ်တော်မှိုင်းရဲ့မွေးနေ့အခမ်းအနားကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ကျင်းပနိုင်ဖို့ လိုအပ်တယ်လို့ ဆရာကြီးရဲ့ ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင် ဦးမြင့်ဆန်းက ပြောပါတယ်။
"ဆရာကြီးရဲ့ ဂုဏ်အင်္ဂါတွေကို ဖော်ကျူးမယ်ဆိုရင် ၃ ရက်လောက်လည်း မလုံလောက်ပါဘူးခင်ဗျာ၊ ဘာဖြစ် လို့လဲဆိုတော့ သူ့ရဲ့စာပေအနုပညာဆိုင်ရာ အကြောင်းအရာတွေက သီးသန့်တစ်ခုဖြစ်မယ်၊ အမျိုးသား လွှတ်မြောက်ရေးဆိုင်ရာ ကြိုးပမ်းခဲ့တာတွေကလည်း တစ်ခုဖြစ်မယ်၊ နောက်အဖိနှိပ်ခံပြည်သူတွေဖြစ်တဲ့ အလုပ် သမား၊ လယ်သမားအရေးတွေ ဆောင်ရွက်ခဲ့တာတွေ သူနဲ့ပတ်သက်လို့ စာဖွဲ့မကုန်နိုင်တဲ့ အကြောင်းတရားတွေ ရှိတဲ့အတွက် ကျနော်တို့အခုကျင်းပတာက တာဝန်မကျေဘူးလို့တောင် ခံစားရပါတယ်ဗျာ"
မွေးနေ့အခမ်းအနားကို တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ရဟန်းသံဃာတွေ ၁၅၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နဲ့ ၂၂ ရက်နေ့မှာလည်း ဆရာကြီးရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဂူဗိမာန်မှာ ကဗျာတွေရွတ်ဆိုခဲ့ကြပါတယ်။
သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ဗိမာန်၊ ရုပ်ထု၊ စာကြည့်တိုက်၊ ပြတိုက်နဲ့ ပန်းခြံတွေကို တခြားမြို့တွေမှာ တည်ဆောက်ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။